ဓလေ့ ဆိုရိုးစကားလေးများ (၁)

| |

"မမင်းသာ ကန်နံဘောင် လျှောက်"


ဒီဆိုရိုးလေးကတော့ လူအသိနည်းမည်ထင်ပါတယ်။ ဒီဆိုရိုးစကားလေး ဖြစ်ပုံလာပုံကို ပြောပြရရင် ဟိုးရှေးယခင်က (အချိန်ကာလမည်မျှကြာပြီးလည်း ကျွန်တော်လည်း မသိပါ) ကျောက်ပန်းတောင်းမြို့နယ်ထဲက ရွာလေးတရွာမှာ အင်မတန်ဆင်းရဲတဲ့ မမင်းသာ ဆိုတဲ့ မိန်းမ တစ်ယောက်ရှိပါတယ်။ တနေ့မှာတော့ ရွာက လူတွေဟာ ကျောက်ပန်းတောင်းမြို့ပေါ်က စေတီကြီး ဘုရားပွဲကို သွားကြဘို့ နွားတွေ လှည်းတွေ ပြင်ဆင်နေကြပါတယ်။ ရွာကလူတွေက စေတီကြီးဘုရားပွဲသွားကြမယ်ဆိုတော့ မမင်းသာလည်း လိုက်သွားချင်ပါတယ်။ ဒါပေမဲ့ ခက်တာက မမင်းသာမှာ ဘုရားပွဲသုံးစရာ ပိုက်ဆံက မရှိရှာပါဘူး။ ဒါပေမဲ့ စိတ်က အတင်းလိုက်ချင်နေတော့ သွားမဲ့ လှည်းကြုံတစ်စီးကို ပြောပြီး အတင်းလိုက်သွားပါသတဲ့။ ဒီလိုနဲ့ ဟိုရောက်တော့ ရွာကလူတွေက စေတီကြီးဘုရားရဲ့ မြောက်ဘက်က ထိန်ကန် ဘေးက မန်ကျီးပင်ကြီးတွေအောက်မှာ နွားလှည်းကို ဖြုတ် နွားတွေကို ကန်ဘေးက မြတ်ခင်မှာ လှန်ခဲ့ပြီး ပွဲဈေးလျှောက်ကြပါသတဲ့။ အစကတော့ မမင်းသာလည်း ရွာကလူတွေနောက်ရောရောင် လိုက်ကြည့်တာပေါ့။ တချို့ကလည်း ကိုယ်ကြိုက်တဲ့ အရာလေးတွေတွေ့ရင် ၀ယ်ကြချမ်းကြပေါ့။ မမင်းသာခမျာ ကြိုက်တာလေးများ တွေ့ပေမဲ့ ပိုက်ဆံမရှိတော့ မ၀ယ်နိုင်ရှာတော့ စိတ်တွေဆင်းရဲရတာပေါ့။ ဒါနဲ့ မမင်းသာလည်း ရှေ့ဆက်လျှောက်ကြည့်ရင် လိုချင်တာတွေ့လည်း မ၀ယ်နိုင်တော့ စိတ်ပိုဆင်းရဲရတယ်ဆိုပြီ လှည်းတွေ ထားတဲ့ ထိန်ကန်ကိုပြန် ကန်နံဘောင်ပေါ်မှာပဲ လမ်းလျှောက်ရင်း ရွာကလူတွေ ပြန်လာ စောင့်နေပါတော့သတဲ့။ အဲဒီအဖြစ်ကို မြင်တဲ့ ရွာကလူတွေက နောက်များကျတော့ ပိုက်ဆံမရှိဘဲ ပွဲဈေးသွားချင်ကြတဲ့ သူတွေကို မြင်တွေ့ရရင် မမင်းသာ ရဲ့အဖြစ်ကို ပြောပြပြီး "မမင်းသာ ကန်နံဘောင်လျှောက်" ဖြစ်ချင်လို့လား လို့ ပြောကြပါသတဲ့။


ဒီဆိုရိုးလေးကို ပြောပြတဲ့ ကျွန်တော့်ရဲ့ ချစ်မေမေ ကို ဒီနေရာကနေ ကျေးဇူးတင်စွာ credit ပေးလိုက်ပါတယ် (ဘလော့ဂ်ဂါ တို့ရဲ့ ယဉ်ကျေးမှု့ပါ)။


ကျွန်တော်လည်း IT Show ရှိတိုင်း ၀ယ်ဘို့ပိုက်ဆံမရှိပေမဲ့ အသစ်ထွက်တဲ့ IT ထွက်ကုန်တွေကို မစားရ၀ခမန်း သွားရည်သွားကျနေကြပါ window shopping ကို မျက်နှာပြောင်ပြောင် လုပ်နေကြပါ။ အဲလိုအခါမျိုးဆိုရင် မေမေ ရေ မမင်းသာက စိတ်မခိုင်လို့ မျက်နှာမပြောင်လို့ပါ။ သားလို့ စိတ်ခိုင်ခိုင် မျက်နှာပြောင်ပြောင် ကတော့ IT Show ဆို မ၀ယ်ဘဲ မလွတ်တမ်း သွားငမ်းတုန်းပါပဲ။ ဒါပေမဲ့ မေမေ ပြောပြော နေတဲ့ "မမင်းသာ ကန်နံဘောင် လျှောက်" ဆိုတဲ့ ဆိုရိုးလေးကိုလည်း ပြေးပြေး သတိရလိုက်မိပါရဲ့ ချစ်မေမေ။


စာဖတ်သူများ ရွှင်လန်းချမ်းမြေ့ပါစေ


အဝေးရောက်ကျောက်ပန်းတောင်းအသင်း

Posted by YEPHYO on 3:46 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ဓလေ့ ဆိုရိုးစကားလေးများ (၁)"

Leave a reply