အညာဒေသပေါက်တဲ့ လက်ပံပင်
လက်ပံပင် ဆိုတာ အညာဒေသ အပူပိုင်းဒေသ တွေမှာ ပေါက်တဲ့ အပင်ကြီးမျိုးပေါ့။ ကျွန်တော်တို့ ကျောက်ပန်းတောင်း ဒေသ အထူးသဖြင့် ကျွန်တော့်ဇာတိ ရွာလေးမှာ လက်ပံပင်တွေ အများကြီးရှိတယ်။ နွေနေကျဲကျဲ ရိုးတံတွေကြား မှာ နီနီရဲရဲနဲ့ အထွေးလိုက် အထွေးလိုက်ပွင့် တယ်။ လက်ပံပွင့် နီနီတွေကြားမှာ ငှက်ပေါင်းစုံ ပျော်မြူးကြတယ်။ ငှက်တွေ အစာစားရင်း မိတ်လိုက်ရင်း ကျလိ ကျလိ ကျွိ ကျွီ ကျွိ နဲ့ ဆူညံ ပူညံ ဖြစ်တာကို လက်ပံပင် ဇရက်ကျတယ် လို့ ပြောကြတယ်။
အဆိုတော် သန်းထွန်းလေးရဲ့ သီချင်းထဲက “လက်ပံပွင့်တွေ လေအတိုက် ကြွေလိုက်တဲ့အခါ တဝဲဝဲဝှေ့ လို့ လေယာဉ်ပမာ.. အော်.. ချစ်စရာ ချစ်စရာ မြင်ရပါလေဦးတော့မည် ရိုးတံတွေကျဲ နေပူထဲ ရေညာသူ ပျိုဖြူများ” ဆိုတဲ့ သီချင်းလေး သတိရမိရဲ့။ (အခုဆို ဆိုင်ကယ်ကြီးတွေ စီးကာ ကိုယ်ဆီပေါ့) လက်ပံပွင့်က စားလို့ရတယ်။ လက်ပံပင်က သစ်ဆွဲ လို့ရတယ်။ အပင်ကြီးမျိုး ဆိုတော့ ငှက်အပေါင်း တသောင်းမက နားနေနိုင် တယ်။ အညာဒေသ ပူပြင်း ခြောက်သွေ့မှုက ကာကွယ်ပေးတယ်။ လက်ပံပင်က မြေကို ကုတ်တွယ်အား ကောင်းကောင်းနဲ့ သစ်တော ကို အထောက်အကူပြုတယ်။

လက်ပံပင်-ပင်ယံထက်မှာလဲ နီနီရဲရဲ အပွင့်တွေနဲ့ အပင်အောင်မှာလဲ ကျြွေကျ တာတွေ အများကြီးရှိတယ်။ လက်ပံပွင့်ခြောက် ကို ချက်စားလို့ရတယ်။ ဝက်သားဟင်း နဲ့ မလဲနိုင်ဘူး။ အဲလို ကောင်းလို့ ပဲ.. ကဗျာတောင်ရှိတယ်။ “လာဟေ့ဒွား သွားကောက်ခြေစို့ ပွင့်ခြောက်ကယ် အနားလန် ပင်လက်ပံ ကြွေချိန်ကျပြီမို့” လို့ စာဖွဲ့ကြတယ်။ ဆယ်တန်းတုန်းက ကဗျာထင်တယ် အကုန်မရတော့ဘူး။
အညာနွေက လွမ်းစရာ ဆွေးစရာ ရင်ကိုထိတယ်။ နွေရောက်ပြီလေ... ရိုးတံကြဲကြဲ .. ပင်အိုတို့... အလှချင်းလည်း ပြိုင်... လေရူး လေးအဝှေ့... ရွက်ဝါတွေ လိပ်ပြာတွေရယ်... အကချင်းပြိုင်နေသလိုပင်.... ဘယ်ဆေးရေးလို့..လိုက်မမီတယ် .. ခြယ်သမကုန်နိုင်တယ် သြော်..လွမ်းစရာ နွေပါပဲလေ....။ အင်တာနက်တခွင်မှာ လက်ပံပင်နဲ့ ပတ်သက်လို့ ရေးသားသူ မရှိသေးပါဘူး။ ဓာတ်ပုံများလဲ မတွေ့မိပါ။ ပုံထဲက မြင်ရတာကတော့ လက်ပံပွင့် တွေခင်း ထားတဲ့ လမ်းဘေးတခု မြင်ကွင်းဖြစ်ပါတယ်။ တောင်ကြီးဖဝါးအောင် ဘလောဂ့်က ကော်ပီကူးလာပါတယ်။ ဒီနှစ်နွေမှာ လက်ပံပွင့်များ ပွင့်ရင်ဖြင့် အမှတ်တရ အနေနဲ့ သွားရိုက်ချင်သေးတယ် ဓာတ်ပုံတွေ (စိတ်ကူးပါဗျာ လူက တနယ်တကြေးမှာ) ။



