အညာဒေသပေါက်တဲ့ ထနောင်းပင်



ထနောင်းပင် ဟာ ကျွန်တော်တို့ ကျောက်ပန်းတောင်း  အညာဒေသမှာ သဘာဝ အလျှောက် ပေါက်ရောက်တဲ့ အပင်တမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုံ မှာ သဘာဝ အပူဒဏ်ကို ခံနိုင်ဖို့ လူကို အကျိုးပြုတဲ့ အပင်တမျိုးပေါ့။ ထနောင်းသည် အေးမြသော အရိပ်ပေး၏။ ထနောင်းသည် အိုအေစစ် ကိုဖန်တီး၏။ ထနောင်းသည် ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြည်စေ၏။

စာရေးဆရာမကြီး လူထုဒေါ်အမာ၏  အညာနဲ့တမာ ဆောင်းပါးတွင် ထနောင်းပင် အကြောင်း ခရေစေ့တွင်းကျ ရေးသားထားသည်။  အပူအအေး ကာကွယ်မှုနဲ့ ပတ်သက်လို့ ” နွေ ထနောင်း ဆောင်း မန်ကျည်း” လို့ အညာမှာ ရှိတဲ့ ထနောင်းပင်နဲ့ မန်ကျည်းပင်ကို ခုံခုံ မင်မင် မက်မောမှုနဲ့ စာဖွဲ့လေ့ ရှိကြောင်း သိရသည်။ ထိုဆောင်းပါးအား ဖတ်ရ၍ ရွာကို လွမ်းမိ၏။ ကျွန်ုပ် ငယ်စဉ်က ထနောင်းရွက် စိမ်းစိမ်းများ စားနေသော ဆိတ်များအား ဆော့ကစားလိုသော စိတ်ဖြင့် လိုက်ဖမ်းစဉ် ဘယ်ညာ ခြေဖဝါးတွင် ထနောင်းဆူးတို့ အပြည့်။ ပြန်တွေးတိုင်း လွမ်းမိ၏။

ထနောင်းပင်သည် ကျွန်းပင် ကဲ့သို့ ငွေ အသပြာ တန်ဖိုးမရှိ။ သို့သော် အပူပိုင်း အညာ ဒေသအတွက်ကား အဖိုးတန်လှ၏။ ထိုသို့ ဆိုလျှင် ကမ္ဘာကြီး ပူနွေးလာခြင်း၊ သစ်တောပြုန်းတီးခြင်း များ ခံစားနေရသော သဘာဝကြီး အတွက် ထနောင်းပင်များအား ထိန်းသိမ်းရန် လိုအပ်သည် ဟု ကျွန်ုပ် မြင်၏။




http://tawthumalay.blogspot.com/ ဘလောက်ဂါ တောသူမလေးက ထနောင်း အကြောင်း ရေးဖူးသည်။ ဖတ်ရှုကြပါ..

မြန်မာအမည် - ထနောင်း

အပင်လတ်မျိုး ဖြစ်သည်။ အမြင့်ပေ ၄၀အ ထိ မြင့်သည်။ ပင်စည် လုံးပတ် ၄-ပေခန့် အထိ ရှိသည်။ နှစ်ခါငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ၁-ပေ မှ ၁-ပေခွဲခန့် အထိရှိသည်။ အပွင့်တံများ ရှိ၍ ၀င်းဝါ မွှေးကြိုင်သော ဖြူဝါ၀ါ အပွင့်များ ပွင့်သည်။ မြန်မာပြည်အလယ်ပိုင်း မိုးခေါင် ရေရှားရပ်ဝန်း ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်သည်။ အရွက်သည် ဖန်၍ ဆိမ့်သော အရသာ ရှိသည်။ အရွက်နုကို ပြုတ်၍ စားနိုင်သည်။ ထနောင်းရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ခြောက် အဖြစ် သောက်ပါက ဆီးပူ၊ ဆီးနည်းရောဂါ ပျောက်ကင်းသည်။ နွေရာသီတွင် အရွက်နုများ စားသုံးနိုင်သည်။

မှတ်ချက် = ထနောင်းပင် ဓာတ်ပုံအား ယင်းမပင် ဘလောက်မှ ကော်ပီ လုပ်သည်။

Posted by YEPHYO on 5:10 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "အညာဒေသပေါက်တဲ့ ထနောင်းပင်"

Leave a reply