ထားဝယ် ရေနက်ဆိပ်ကမ်း (၄)

| |

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းများ တည်ဆောက်ပြီးစီး ပါက အထူးစီးပွားရေးဇုန်များ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့် အလမ်း များ ပွင့်လန်းလာမှုနှင့်အတူ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့် အရေးများအား အလုပ်သမား ဥပဒေဖြင့် အကာအကွယ် ပေးနိုင်ရန်လည်း လိုအပ် လာကြောင်း ဖြစ်ပေါ်လာမည့် စီးပွားရေးဆိုင်ရာ အခင်းအကျင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများနှင့် ဥပဒေဆိုင်ရာ အကြံပေးများ၏ ပြောကြား ချက် အရ သိရှိရသည်။

အဆိုပါ ထားဝယ်နှင့်ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုန်ထုတ်လုပ်ငန်း နှင့် အလုပ်အကိုင်အခွင့်အလမ်းများ အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဖြစ်ကြောင်းနှင့် ထားဝယ် ရေနက်ဆိပ်ကမ်းမှာ မြန်မာဆိပ်ကမ်း အာဏာပိုင်များနှင့် အီတလီ-ထိုင်း ဖက်စပ်ကုမ္ပဏီတို့က ပူးပေါင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်၍ ရထားလမ်းဖောက်လုပ်ခြင်း၊ ကားလမ်း ဖောက်လုပ်ခြင်းများနှင့်အတူ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့်စတီး စက်ရုံများလည်း တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါထားဝယ်ရေ နက်ဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းအား လေယာဉ်ဖြင့် ဆက်သွယ်ပျံသန်းနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

"Special Economic Zone တည်ထောင်လိုက်ရင် လုပ်ငန်းတွေ၊ ဆိပ်ကမ်းတွေ ရောက်လာမယ်။ လုပ်ငန်းတည်ထောင်ပြီးရင် ရင်းနှီးမြှုပ်နှံမှုနဲ့အတူ နည်းပညာတွေလည်း ရောက်လာမယ်။ နောက် ကျွမ်းကျင် လုပ်သားတွေလည်း လိုအပ်လာမယ်။ ဒီတော့ လုပ်သားတွေ ကျွမ်းကျင်အဆင့်ဖြစ်အောင် Training ပေးကြမယ်။ အတတ်ပညာပိုင်းနဲ့ပတ်သက်ပြီး လုပ်သားတွေလည်း ပိုပြီးကျွမ်းကျင်လာမယ်။ နောက်ဆုံး အထွေထွေ လုပ်သားတွေအတွက်ပါ အလုပ်အကိုင်တွေ ရလာနိုင်တယ်။ နိုင်ငံတော် အနေနဲ့လည်း နိုင်ငံခြားပို့မယ့်ပို့ကုန်တွေကနေ တစ်ဆင့် နိုင်ငံခြားငွေ ရလာနိုင်တယ်"ဟု ဆိပ်ကမ်းကုန် သွယ်ရေးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီ တစ်ခုမှ မန်နေဂျင်းဒါရိုက်တာတစ်ဦး က ပြောပြခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းမှာ အထူးသဖြင့် ထိုင်း၊  ဗီယက်နမ်နှင့် ချိတ်ဆက်ဖောက်လုပ်ထားသော Southern Economic Corridor နှင့် လမ်းကြောင်း တည့်နေသောကြောင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များစွာ ရနိုင်ကြောင်း သိရှိရသည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၊ GMS နိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပိုမိုလွယ်ကူသွားနိုင်ကြောင်း စီးပွားရေးပညာရှင်များ၏ ပြောကြားချက်များအရ သိရှိရသည်။

"အခု post မှာပေးတဲ့ wages က သိပ်မြင့်ရင်၊ နိုင်ငံတကာမှာ ပေးတဲ့နှုန်းအတိုင်းပေးရင် ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ တကယ်တော်တဲ့၊ အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်သေးတဲ့သူတွေ ဒီမှာသွားလုပ်ကြမယ်။ ကိုယ့်ပြည်တွင်းလည်း ဖြစ် တယ်၊ လစာလည်း ပိုကောင်းတယ်။ အတွေ့အကြုံလည်း ရနိုင်တော့ ဒီကို သွားကြမှာပဲ။ အဲဒီအခါမှာ internal brain drain စဖြစ်မယ်" ဟု အာဆီယံစီးပွားရေးဆိုင်ရာ ကျွမ်းကျင် သူတစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာမှုနှင့်အတူ အဆိုပါအလုပ်ရုံများတွင် အလုပ်လုပ်မည့် အလုပ်သမားများအား အလုပ်သမားအခွင့်အရေး၊ ရပိုင်ခွင့်များနှင့် ပတ်သက်၍ အကာအကွယ် ပေးရန်လည်း လိုအပ်နေကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင်အလုပ်သမား ဥပဒေနှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရ လက်ထက်က ဥပဒေများသာ များကြောင်း၊ လွတ်လပ်ရေးရပြီးနောက် တွင်လည်း ၁၉၆၂ ခုနှစ် ပါလီမန် ဒီမိုကရေစီခေတ်ဥပဒေနှင့် ဆိုရှယ် လစ်ခေတ်ဥပဒေများသာ ရှိနေပြီး ယင်းဥပဒေများမှာ ယခုခေတ်စနစ် အခြေအနေနှင့် ကွာခြားနေကြောင်းလည်း သိရှိရသည်။

"လတ်တလောမှာတော့ ဥပဒေ အဟောင်းတွေကိုပဲ လှည့်သုံးနေရတော့ ပြောင်းလဲတိုးတက်လာတဲ့ တံခါးဖွင့်စီးပွားရေးမူဝါဒနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အရမ်းပြတ်ကျန်ခဲ့တာမျိုးဖြစ်နေတယ်။ အဲဒီဥပဒေကို အထိုက်အလျောက် ပြင်ဆင်ထားတာမျိုးရှိပေမယ့် ကမ္ဘာပေါ်မှာ တိုးတက်ပြောင်းလဲလာတဲ့ အရှိန်အဟုန်နဲ့စာရင် အရမ်းကိုနောက်ကျ ကျန်ခဲ့ပါပြီ။ အခုရှိနေတဲ့ဥပဒေကို ဘယ်ဥပဒေတွေနဲ့ ချုပ်ထားလဲ ဆိုတော့ ၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ အခြေခံရပိုင်ခွင့်နှင့် တာဝန်များပြဋ္ဌာန်းသည့် ဥပဒေဆိုပြီး တော်လှန်ရေးကောင်စီခေတ်က ဥပဒေက ချုပ်ထားပါတယ်။ အဲဒီဥပဒေ ရဲ့အောက်မှာ အခုပြောတဲ့ ခေတ်ဟောင်းက ဥပဒေက နည်းဥပဒေအနေနဲ့ ပါသွားပါတယ်။ အခု ဒီဘက်ခေတ်နောက်ပိုင်းမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေဆိုတာရှိတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေ အရမ်းများလာတဲ့အခါ မှာ ဒါနဲ့ပတ်သက်တဲ့ အလုပ်သမား ဥပဒေက အရမ်းကို အားနည်းနေပါတယ်" ဟု တရားရုံးချုပ်ရှေ့နေ ဦးသန်းမောင်က ပြောပြခဲ့သည်။

သို့သော် မကြာခင်က ပြဋ္ဌာန်းခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ခေတ်နှင့်လျော်ညီသော အလုပ်သမား ဥပဒေပြဋ္ဌာန်းရမည်ဆိုသော အချက်ပါဝင်ကြောင်းလည်း သိရှိရသည်။

"ဥပမာပြောရရင် ရေနံဆိုပါတော့ ကုန်းပေါ်မှာ ရေနံတွင်းတူးတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ အလုပ်သမား ဥပဒေမျိုး တစ်ချိန်တုန်းက ရှိခဲ့ တယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ကမ်းလွန်ရေနံတွင်းတူးတာမျိုးလို စတဲ့ ရေအောက် တူးဖော်ရေးတွေနဲ့ကျတော့ ဥပဒေတိတိကျကျမရှိဘူး။ ပြောရရင်ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေမှာ ပါလာတဲ့ဥပဒေနဲ့ပဲ အလုပ်လုပ်ရတယ်။ မြန်မာပြည်က အလုပ်သမားတွေရဲ့ အခွင့်အရေးကျတော့ တိတိကျကျမရှိဘူး။ အမှန်အတိုင်း ပြောရရင်ခေတ်ဟောင်းက ဥပဒေက အံမ၀င်တော့တဲ့အတွက် အလုပ်သမားဥပဒေကို တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ရေးဆွဲပြဋ္ဌာန်းသင့်ပါတယ်။ ပြင်ဆင်တာတွေ လုပ်ရပါမယ်။ ဒါတွေကလက်ရှိအခြေအနေမှာ လွှတ်တော်ပေါ်မှ ဖြစ်လာလိမ့်မယ် လို့ယူဆရတယ်။ ဘာလို့လဲဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ပုဒ်မ ၂၄ မှာ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ရန်လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းရမည်ဆိုပြီး ပါထားတာရှိပါ တယ်"ဟု ၎င်းက ဆက်လက်သုံးသပ် ပြခဲ့သည်။

"လက်ရှိ အခြေအနေမှာတော့ အလုပ်သမားဥပဒေက ရှိပေမယ့် မလုံလောက်သေးပါဘူး။ ရင်းနှီးမြှုပ်နှံမယ့်သူတွေကတော့ နိုင်ငံခြားကနေ သူတို့ဥပဒေနဲ့ သူတို့လာကြတယ်။ သူတို့ဥပဒေက ကိုယ့်နိုင်ငံမှာရှိနေ တဲ့ဥပဒေထက်ကို မြင့်နေသေးတယ် ဆိုတော့ အလုပ်သမားအရေးနဲ့ ပတ်သက်ရင်တော့ သူတို့က ပျော်ကြတယ်။ နောက်တစ်ခု မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂဆိုတာမရှိဘူး။ အလုပ်သမားသမဂ္ဂဆိုတာ ရှိရင် အလုပ်သမားတွေ အရေးဆိုလို့ရတယ်။ အလုပ်သမားကိစ္စ၊ အလုပ်သမားအရေးဆိုတာ အစိုးရတစ်ဦးတည်းက ချည်းလုပ်လို့မရပါဘူး။ အလုပ်သမား အချင်းချင်းက လုပ်ပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်ရှိရမယ်။ နိုင်ငံခြား က ရင်းနှီးမြှုပ်နှံသူတွေကတော့ အဲဒီလို အလုပ်သမား သမဂ္ဂမရှိဘူးဆိုရင် သူတို့က ပိုကြိုက်ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံမှာ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ မလုံလောက်တာရယ်၊ တိတိကျကျ လုပ်ကိုင်နိုင်ဖို့ enforcement အပိုင်းမှာ အားနည်းနေတာတွေကြောင့် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစီးပွားရေးဇုန်တွေ ပေါ်ပေါက်လာရင် အလုပ်အကိုင် အခွင့်အလမ်းနဲ့အတူ အလုပ်သမားရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အပိုင်းတွေလည်း ပါလာတဲ့အခါကြတော့ စောစောကပြောသလို အခုဖြစ်လာမယ့် လွှတ်တော်အသစ်တွေက ပြဋ္ဌာန်းပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်မှာဖြစ်ပါတယ်"ဟု ဦးသန်းမောင်က ဆက်စပ်သုံးသပ်ပြခဲ့သည်။

"မြန်မာနိုင်ငံက ဥပဒေအတိုင်း လုပ်ရမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေက ပိုကြိုက်တယ်။ သူတို့နိုင်ငံ က ဥပဒေက အလုပ်သမားဥပဒေနဲ့ ပတ်သက်ရင် အရမ်းစည်းကြပ်တယ်။ ဥပမာ စင်ကာပူက ပြန်လာတယ် ထား၊ လုပ်ငန်းခွင်ထဲ လက်သန်းတစ်ချောင်း ပြတ်သွားတာဆိုရင်တောင် လျော်ကြေး အများကြီးရတယ်။ ဒီမှာ လုပ်စားကိုင်စားရတာ ကျတော့ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ရရင်တောင် လေး၊ ငါးသောင်းပဲရတယ်။ ဘာသွားလုပ်လို့ ရမှာလဲ။ တစ်ခါခါ မြန်မာပြည်မှာ သူတို့အလုပ်လုပ်ချင်ကြတယ်။ ကိုယ့်နိုင်ငံက အလုပ်သမားတွေ သူတို့ဆီမှာ သွားလုပ်တာထက်စာရင် ကိုယ့်နိုင်ငံမှာ ဣနြေ္ဒရရ၊ သိက္ခာရှိရှိ၊ အလုပ်လုပ်နိုင်ဖို့ ကိုယ့်ဥပဒေ က အားကိုးလောက်တဲ့ reliableဖြစ်ဖို့ လိုတယ်"ဟု ဥပဒေပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

This post copy form  http://www.news-eleven.com.

Posted by YEPHYO on 7:12 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ထားဝယ် ရေနက်ဆိပ်ကမ်း (၄)"

Leave a reply