ထားဝယ် ရေနက်ဆိပ်ကမ်း (၅)

| |

ရှင်ကိုးရှင်ဘုရား၊ မောင်းမကန် ကမ်းခြေနဲ့ ကျောင်း သင်ခန်းစာထဲက ဟိန္ဒား၊ ကန်ပေါက် ဆိုတဲ့ နာမည်ကျော် သတ္တုတွင်းတွေနဲ့ ထားဝယ်က နာမည်ရပြီးသားပါ။ ခုတော့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင် တွေကြားမှာလဲ ထားဝယ်၊ ပြည်တွင်း စီးပွားရေး သမား များကြား ထဲမှာလည်း ထားဝယ်၊ သံရုံးတွေကြားမှာ လည်း ထားဝယ်နဲ့ ထားဝယ်သံ ညံနေအောင် နာမည်ထပ်ကျော်လာသည်။

ရွှေထွက်၍မဟုတ်ပါ။ အရှေ့နဲ့ အနောက်၊ အာရှနဲ့ဥရောပကို အချိန်တိုအတွင်း ကူးချည်သန်းချည် လုပ်နိုင်တဲ့နိုင်ငံရဲ့ မဟာဗျူဟာမြောက် စီမံကိန်းဟု ခေါ်ဆို ရမည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဖြစ်သည်။

ယခုဆိပ်ကမ်းသည် အချက်အချာ မည်မျှကျသည် ဆိုခြင်းကို မြန်မာ လူငယ်တွေရဲ့အိပ်မက်ဖြစ်ခဲ့သော ဖွံ့ဖြိုးပါသည်၊ အားကျရပါသည်ဆိုသော အရှေ့တောင်အာရှ၏ ဆိပ်ကမ်းနိုင်ငံ၊ ဆိပ်ကမ်းတစ်ခု၏ အကျိုးအမြတ်ကို ကကြီးမှ အ အထိ နောကြေအောင်သိသည့် စင်ကာပူနိုင်ငံပင် တွန့်သွားရသည်အထိ စီမံကိန်းမှာ အချက်အချာကျသည်၊ ကြီးမားပါသည်။

အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ ကုန်ကျပြီး ထိုင်းနိုင်ငံ ကချနာဘူရီနှင့် ထားဝယ်ဆက်သွယ်မည့် ရှစ်လမ်းသွား လမ်းမကြီးအပြင် ရထားလမ်းပါ တွဲဖက်ပါဝင်သည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း မှာပမာဏကြီးသလို အကျိုးအမြတ်လည်းကြီးမည်ဟု ဆိုရမည်။

ထို့အတွက် တာဝန်ယူခွင့်ဆိုသည့် အခွင့်အရေးကိုလည်း ပြည်တွင်းပြည်ပ ကုမ္ပဏီများ အပြိုင်အဆိုင်များကြားမှ ရယူပြီးဖြစ်သည်။ ယူပြီးလျှင် ပြန်ပေးရသည်။ ယူသည်နှင့်တန်အောင် ပေးရသည်။

ကျပ် ၁၅ သိန်းနဲ့ အရင်က၀ယ်သူ မရှိတဲ့မြေကွက် အခုတော့ ကျပ်သိန်း ၂၀၀ နဲ့ဝယ်ကြရောင်းကြတယ်။ ကျပ်ငါးသိန်းနဲ့ ၀ယ်သူမရှိတဲ့မြေကွက် က အခုတော့ ကျပ် သိန်း ၅၀ နဲ့ဝယ်လာပြန်တယ်။

ထားဝယ် မြို့လယ်ခေါင်ကတော့ ကျပ်သိန်း ၃၅၀၀ ကနေ ကျပ်သိန်းပေါင်းသောင်းချီ တန်ကုန်ပြီ။ ဒါတွေက စီမံကိန်းသစ် သတင်းစကားများကြောင့် ဖြစ်သည်။

တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၊ အစိုးရ အိမ်ယာသစ်စီမံကိန်းကလည်း ထားဝယ်မြို့တွင် လုပ်ငန်း အခြေစိုက်မှဖြစ်မည်ဟု လုပ်ငန်းရှင်များ စိတ်တွင် မှတ်ထင်စေသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် နေရာတစ်ဝိုက်ကို နိုင်ငံခြားသားများ ခြေချင်းလိမ်အောင် လေ့လာနေပြီ။ ပြည်တွင်းလုပ်ငန်းရှင် တွေကလည်း အ၀ယ်တော်ဆိုသူတစ်မျိုး၊ ကင်းထောက်ဆိုသူ တစ်ဖုံဖြင့် လာရောက်ကြသည်။ သံရုံးတစ်ချို့ကလည်း ထားဝယ်ရဲ့ပကတိကို လာကြည့်ကြသည်။

မြေ၀ယ်ထားပြီး ပြန်ရောင်းမယ်၊ ဘဏ်ဖွင့်မယ်၊ စူပါမားကတ်ဖွင့်မယ်၊ ပုဂ္ဂလိကဆေးရုံဖွင့်မယ်၊ ဟိုတယ်ဆောက်မယ်၊ ကုမ္ပဏီရုံးခွဲတွေဖွင့်မယ်ဆိုသည့် အတွေးများဖြင့် လာရောက်သူက ပြည်တွင်းလုပ်ငန်းရှင်များ ဖြစ်သည်။

ဝန်ဆောင်မှုကုမ္ပဏီဖွင့်ရင် ကောင်းမလား၊ အထူးစီးပွားရေးဇုန်မှာ မြှုပ်နှံရမလား၊ စီမံကိန်းတည်ဆောက်မှုထဲမှာ ဘယ်အပိုင်းကို တစ်ဆင့်ခံ ကန်ထရိုက် ယူရင်ကောင်းမလဲ၊ ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး ကြားခံနဲ့ ဘယ်နေရာ တွေမှာ ရင်းထားရင် ကောင်းမလဲ ဆိုသည့်စိတ်ကူးများဖြင့် လာရောက်သည်က နိုင်ငံခြားလုပ်ငန်းရှင်များ ဖြစ်သည်။

ဗျူဟာမြောက် စီမံကိန်း အခြေအနေဘယ်လိုရှိပါတယ် ဆိုပြီး မှတ်တမ်းထားဖို့ စီစဉ်လာရောက်သူ တွေထဲတွင် သံရုံးတာဝန်ရှိသူတွေလည်း ပါသည်။

ဗျူဟာမြောက် စီမံကိန်းကို Italian Thai Development Public မှ ၁၀နှစ် စီမံကိန်းဖြင့် တာဝန်ယူခွင့်ရပြီး စတင်တည်ဆောက်နေပြီ ဖြစ်သည်။ ပြည်တွင်း ကုမ္ပဏီအနေဖြင့် Max Myanmar ကုမ္ပဏီမှ ပါဝင်ကာတည်ဆောက် ခွင့် ရထားသည်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်နှစ်က အရှုံးပေါ်ခဲ့ပေမယ့် ဒီနှစ်တော့ ထား ၀ယ်စီမံကိန်းတွေကြောင့်အကျိုးအမြတ် ကြီးမှာပါ"ဟု ITD ဥက္ကဋ္ဌ ဖြစ်သူ Mr. Premchai Karnasuta ၏ ပြောခဲ့သည့်စကားကလည်း အဓိပ္ပာယ်မဲ့မဟုတ် ခဲ့ပေ။ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့်အား တရားဝင်လက်မှတ် ရေးထိုးပြီးသည်နှင့် ITD ၏ ရှယ်ယာဈေးမှာ ချက်ချင်းမြင့်တက်ပြီး အကျိုးချက်ချင်း ခံစားခဲ့ရသည်က လက်တွေ့ပင်ဖြစ်သည်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၂ နှစ် ကတည်းက ဒီစီမံကိန်းကိုတာဝန်ယူ တည်ဆောက်ခွင့်ရဖို့ ချဉ်းကပ်နေခဲ့တာပါ"ဟု ITD  ဥက္ကဋ္ဌဖြစ်သူ Mr. Premchai Karnasuta ၏ တရားဝင် ပြောကြားထားကြောင်းလည်း သိရသည်။

တန်အောင် ပြန်ပေးမှာလား

နိုင်ငံပိုင် ရေမြေသယံဇာတများဖြင့် မက်မောလောက်သည့် အကျိုးအမြတ်များအတွက် အခွင့်အရေးရယူ သွားကြပြီးဖြစ်ရာ နိုင်ငံသားများကလည်း အားထားရသော အခွင့်အလမ်းများ ပြန်ရရန် မျှော်လင့်ကြပြီဖြစ်သည်။ '၁၀ နှစ်လောက် အလုပ်ပေါပြီပေါ့' 'နိုင်ငံခြားလို ထိုက်တန်တဲ့ လုပ်အားခရပြီပေါ့ကွာ'လို့ အလွန်သေးသည့် အခွင့်အလမ်းကိုပင် ဒေသခံများနိုင်ငံသားများက စိတ်အားထက်သန်စွာ မျှော်လင့်ကြခြင်း ဖြစ်သည်။

လက်ရှိတွင် တည်ဆောက်မှုပိုင်း စတင်နေပြီဖြစ်သလို မြေသယ်ယာဉ်မောင်းမှစကာ ဥပဒေပညာရှင်နှင့် အတွင်းရေးမှူးရာထူးများ အထိအလုပ်ခေါ်ယူနေပြီဖြစ်ရာ 'ငါတို့ ထင်တဲ့ အတိုင်းပဲ'ဟုဆိုကာ သွားရောက်ကြသူများ ရှိနေသည်။

သို့သော် မထင်မှတ်ထားသည် က မြန်မာနိုင်ငံသားလုပ်သားနှင့် ထိုင်းနိုင်ငံသား လုပ်သားတို့၏ လုပ်ခလစာပင် ဖြစ်သည်။ ထိုင်းနိုင်ငံသား အခြေခံလုပ်သားတစ်ဦးကို တစ်လလျှင် ဘတ် ၃၀၀၀၀ လုပ်အားခ သတ်မှတ်ခေါ်ယူပြီး မြန်မာနိုင်ငံသား လုပ်သားဆိုပါက တစ်ရက်လျှင် ကျပ် ၃၅၀၀ ဖြင့် သတ်မှတ်ခေါ်ယူခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသား အင်ဂျင်နီယာ တစ်ဦးသည် တစ်လလျှင်  ဘတ် ၁၂၀၀၀၀ နှင့် အထက်ရရှိပြီး လက်ရှိတွင် မြန်မာအင်ဂျင်နီယာများ ခေါ်ယူခြင်း မရှိသေးပေ။

ယခုမှ အစပင်ရှိသေးသည်။ ယခုကပင်စ၍ ထိုက်တန်သည့် အလုပ်အကိုင် အခွင့်အလမ်း လမ်းကြောင်း ရှိထားပါမှသာလျှင် နိုင်ငံသားများ၏ ၁၀ နှစ် အလုပ်အကိုင်ပေါများမည့် အိပ်မက်ရှင်သန်မည်ဖြစ်ရာ အစကောင်းဖို့ လိုနေသည်ဟုဆိုရမည်။

နိုင်ငံ့အတွက် ရေရှည်ကောင်းမည်။ နိုင်ငံသားများအတွက် ရေရှည် ကောင်းမည်။ ထိုသို့ကောင်းစားရန် နိုင်ငံပိုင် ရေမြေသယံဇာတများကို ရင်းနှီးရသည်။ ရင်းနှီးထားမှုနှင့် ထိုက်တန်သည့် အကျိုးအမြတ်ရှိဖို့ လိုသည်။ ထိုက်တန်သည့် အခွင့်အရေးပြန်ရဖို့လိုသည်။

This post copy form  http://www.news-eleven.com.

Posted by YEPHYO on 7:17 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ထားဝယ် ရေနက်ဆိပ်ကမ်း (၅)"

Leave a reply