ထားဝယ် ရေနက်ဆိပ်ကမ်း (၂)

ဓာတ်ပုံ ဘဏ်ကောက်ပိုစ် သတင်းဆိုဒ်မှ -

ထားဝယ်ရေနက် ဆိပ်ကမ်းအား နှစ်ခြောက်ဆယ် BOT စနစ်ဖြင့် မြန်မာ-ထိုင်းနိုင်ငံတို့မှ နှစ်နိုင်ငံ သဘော တူညီချက်များဖြင့် လက်မှတ်ရေးထိုး အကောင်အထည်ဖော်လျက်ရှိနေရာ ပြီးစီးအောင်မြင်ပြီး အဓိကဆိပ်ကမ်း ဇုန်အဖြစ် ပြုလုပ်သွားနိုင်မည် ဆိုပါက နိုင်ငံတကာမှ စင်ကာပူ ဆိပ်ကမ်းသို့ နေ့စဉ်အ၀င် အထွက်ရှိနေသည့် ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းနီးပါးအား ထားဝယ်ဆိပ်ကမ်းမှ နေရာယူသွား နိုင်မည်ဖြစ်ကြောင်းကို ICS(Institute of Chartered Shipborkers) ၏ တရားဝင်ကိုယ်စားလှယ် School of Logistics and Supply Chain Management မှ ဦးကျော်မျိုးဝင်းက ရှင်းပြခဲ့ပါသည်။ အာရှတွင် ယခုအချိန်ထိ စင်ကာပူနှင့် ဟောင်ကောင်သည် ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုတွင် အဓိက၀န်ဆောင်မှု ပေးရာဆိပ်ကမ်း တစ်ခု ဖြစ်နေသည်ကိုလည်း သိရှိရသည်။
တည်ဆောက်ဆဲ ထားဝယ်ရေ နက်ဆိပ်ကမ်းသို့ ပင်လယ်ကူး သင်္ဘောကြီးများ ၀င်ထွက်နိုင်စေရန် ရေစူး ၁၆ မှ ၁၇မီတာအထိ ပြုလုပ်သွားမည်ဟုသိရပြီး ယင်းမှာစူးအက်တူးမြောင်းရှိ နေ့စဉ်ဝင်ထွက်နေသည့် ပင်လယ်ကူး သင်္ဘောကြီးများ ၀င်ထွက်နိုင်သည့် ရေစူးနှင့်တူညီမှု ရှိထားကြောင်း သိရှိရပါ သည်။ ထားဝယ် ရေနက်ဆိပ်ကမ်းအား နှစ်ခြောက်ဆယ်သက်တမ်းဖြင့် အကောင်အထည်ဖော်စဉ်တွင် ကာလတို၊ ကာလရှည်အတွင်း ဆိပ် ကမ်းနှင့် ပတ်သက်ပြီးမူဝါဒ ချမှတ်ခြင်း ဆိုင်ရာများ၊ ပြည်တွင်းပြည်ပမှ Shipping Business ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ ပူးပေါင်းကာစီမံကိန်းကာလ စတင်စဉ်မှပင် ပြီးမြောက်မည့်အချိန်ထိ ထိရောက်မှု ရှိသော ဆိပ်ကမ်းဇုန် တစ်ခုသဖွယ် ပြုလုပ်သွားသင့်ကြောင်း ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်း ပညာရပ် လေ့လာထားသူကဆိုပါသည်။


"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထားဝယ်ဆိပ်ကမ်းကို ရောက်လာခဲ့တယ်။ သူတို့အနေနဲ့ ဆိပ်ကမ်းစီမံကိန်း စတင်ကတည်းက သူတို့ရဲ့ အကျိုး အမြတ်အတွက် လုပ်မှာဖြစ်သလို နိုင်ငံအနေနဲ့ အကျိုးအမြတ်ရဖို့ကို လည်း လုပ်ရမှာပါပဲ။ လွန်ခဲ့တဲ့ဆယ် စုနှစ်နှစ်စုနီးပါးကတည်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိပ်ကမ်းကြီးအဖြစ် MITT ရှိခဲ့တယ်။ သို့သော်အဲဒီထက် ထားဝယ်ဆိပ်ကမ်းကို သေချာကျနတဲ့အစီအစဉ်နဲ့ ဆိပ်ကမ်းဇုန်အဖြစ် အသုံးချမယ်ဆိုရင် နိုင်ငံ့ဝင်ငွေလည်း အများကြီးကောင်းလာနိုင်မှာပါ"ဟု ဆွီဒင်နိုင်ငံ၏ Shipping Management ဘာသာရပ်တွင် မဟာဘွဲ့ရရှိခဲ့သူတစ်ဦးက ရှင်းပြခဲ့ပါသည်။
ထို့ပြင် စင်ကာပူ၏ဆိပ်ကမ်း အသုံးပြုမှုမှာ ၂၀ ရာခိုင်နှုန်းသည်သာ ယင်းနိုင်ငံအတွက် အသုံးပြုမှုပြုလုပ်ပြီး ၈၀ ရာခိုင်နှုန်းအား အခြားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခြင်း အပြင် လက်ရှိ စင်ကာပူရှိဆိပ်ကမ်းသည် သင်္ဘောအ၀င်အထွက် အများဆုံးပြုလုပ်လျက်ရှိနေသည့် ဆိပ်ကမ်း အဖြစ်ရှိနေကြောင်း သိရှိရပါသည်။
"ပထ၀ီအနေအထားအရ ထားဝယ်ဆိပ်ကမ်းဟာ လက်ရှိအသုံးပြုမှုများနေတဲ့ စင်ကာပူဆိပ်ကမ်းထက် အချို့နေရာတွေကလာရင် ပိုပြီး အချက်အချာနေရာကျတယ်။ သင်္ဘော သွားလာရတဲ့ ခရီးအနည်းငယ် တိုသွားတယ်။ နိုင်ငံတကာကလာမယ့် သင်္ဘောကြီးတွေအတွက် ကောင်းမွန်တဲ့ ဆိပ်ကမ်းဝန်ဆောင်မှုတွေသာ ထားဝယ်ဆိပ်ကမ်း ကပေးနိုင်မယ်ဆိုရင် ခရီးသွားလာမှုတိုတောင်းမယ့် ဆိပ်ကမ်းကိုပဲ အ၀င်အထွက်လုပ်ကြမှာဖြစ်လို့ ခိုင်မာတိကျပြီး စနစ်ကျတဲ့ မူဝါဒတွေနဲ့သာရှိမယ်ဆို ထားဝယ်ဆိပ်ကမ်းဟာ စင်ကာပူကို မယှဉ်နိုင်စရာမရှိပါဘူး"ဟု ဆွီဒင်နိုင်ငံ IMLA ၏အဖွဲ့ဝင်တစ်ဦးက သုံးသပ်ခဲ့ပါသည်။
အမှန်စင်စစ်အားဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံ၏ဆိပ်ကမ်းများသို့ လာရောက်ပြီး လုပ်ကိုင်ခွင့်များသာ အမှန်တကယ် ရရှိမည်ဆိုပါက နိုင်ငံ၏စီးပွားရေး အကျိုးဖြစ်ထွန်းမှုများစွာ ရှိလာနိုင်မည်ကိုလည်း Shipping Business ပိုင်းဆိုင်ရာ လေ့လာသူအချို့က ဆိုပါသည်။
"နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေလာတော့ တစ်ဘက်မှာကောင်းကျိုးအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ်လာပြီး တိုင်းပြည်ဝင်ငွေ တိုးတက်လာနိုင်သလို တစ်ဘက်မှာလည်း လက်ရှိရေလုပ်သားတွေ အနေနဲ့ အလုပ်လက်မဲ့တွေ ကြုံရတာ ရှိမှာပါပဲ"ဟု ပင်လယ်ရေကြောင်း စီးပွားရေးနှင့်ဆိပ်ကမ်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုပါသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိပ်ကမ်းအဖြစ် MITT သည် ယခင်ဆယ်စုနှစ် နှစ်စုအတွင်းမှစတင်ရှိခဲ့သော်လည်း အာရှရှိစင်ကာပူ၊ ဟောင်ကောင်နှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်ချက်များ ရှိနေဆဲပင်ဖြစ်သည်။ သို့ဖြစ်ရာ ယခု ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရာ၌လည်း စနစ်ကျသည့် အကောင်အထည်ဖော်မှုများဖြင့် ပြုလုပ်သွားနိုင်ရန်မှာ အဓိကကျကြောင်း ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းပညာရပ် ကျွမ်းကျင်သူအချို့က ပြောကြားခဲ့ပါသည်။


This post copy form  http://www.news-eleven.com.

အီတလီ-ထိုင်း ကုမ္ပဏီ အင်တာနက်ဆိုဒ် - http://www.itd.co.th/en/index.php

Posted by YEPHYO on 8:46 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ထားဝယ် ရေနက်ဆိပ်ကမ်း (၂)"

Leave a reply