ထားဝယ် ရေနက်ဆိပ်ကမ်း (၁)

ထားဝယ် ရေနက် ဆိပ်ကမ်း အား ထိုင်း-အီတာလျံ ရင်းနှီးမြှုပ်နှံမှု တစ်ရပ်အရ သဘော တူညီမှု စာချုပ် ရေးထိုး သွားရန်ရှိပြီး ယင်း ဆိပ်ကမ်း ကို မြန်မာ နိုင်ငံ ၏ အဓိက အ ချက်အချာ ဆိပ်ကမ်းဇုန် တစ်ခုသဖွယ် စတင်ပြု လုပ်သွားမည် ဖြစ်သည် ဟု ဆိပ်ကမ်း နှင့် ပင် လယ် ရေကြောင်း စီးပွား ရေးဆိုင်ရာ အသိုင်း အ၀ိုင်းမှ စုံစမ်း သိရှိရပါသည်။ အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အတွက် ကုန်ကျမည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံမျှဖြစ်ကာ ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုတစ်ရပ် လာ ရောက်ခြင်းဖြင့် ဆိပ်ကမ်းငှားရမ်း အသုံးပြုခ ရရှိကာ တိုင်းပြည်ဝင်ငွေလည်းရရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ပြုလုပ်သွားခြင်းဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု တိုးတက်ခြင်းအပြင် ယင်းဆိပ်ကမ်းတစ်ဝိုက်ရှိ ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်မည် ဖြစ် ကြောင်း School of Logistics and Supply Chain Management မှ ဦးကျော်မျိုးဝင်းက ပြောကြား ခဲ့ပါသည်။


ထားဝယ်ရေနက်ဆိပ်ကမ်း အား စင်ကာပူ၊ ဟောင်ကောင် ဆိပ်ကမ်းကြီးများ ကဲ့သို့ နိုင်ငံခြား သင်္ဘော အ၀င်အထွက်တင်သာမက ကွန်တိန်နာ ထားရှိနိုင် သော သိုလှောင်နိုင်သည့် နေရာများ၊ ဆင့်ကဲဆက်လက် ထုတ်ဝေဖြန့်ဖြူးမည့် အဓိကဆိပ်ကမ်း Distribution Center အဖြစ် ပြုလုပ်ထား ရှိခြင်း ဖြင့် ဆိပ်ကမ်းအခန်း ကဏ္ဍကျယ်ပြန့်လာနိုင်မည်ဟု လေ့လာသူများက ပြောကြားခဲ့ကြသည်။

ဆိပ်ကမ်းတစ်ခုဟာ Export၊ Import တစ်ခုတည်း အားထားရမှာ မဟုတ်သလို ပင်လယ်နဲ့နီးနေသ၍ ဆိပ်ကမ်းရဲ့အခန်းကဏ္ဍဟာ အဓိက ရှိနေမှာပဲ။ ပြီးတော့ သင်္ဘောကြီး တွေကလည်း သူတို့အတွက်ကုန်ကျ စရိတ်သက်သာပြီး အချိန်ကြန့်ကြာ မှုနည်းရင် ဘယ်ဆိပ်ကမ်းမဆို ၀င်ထွက်ကြမှာပဲ။ ထားဝယ်ရေနက်ဆိပ်ကမ်းကတော့ တချို့နိုင်ငံတွေကို သွားဖို့မှာ အချက်အချာ ဆိပ်ကမ်းဇုန် အပြင် Distribution Center အဖြစ် ရှိနေတာကိုလည်း တွေ့ရတယ်"ဟု လန်ဒန်ရှိ ICS (Institute of Chartered Shipbrokers) ၏တရားဝင် ကိုယ်စားလှယ်School of Logistics and Supply Chain Management မှ ဦးကျော်မျိုးဝင်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။
ထားဝယ်ဆိပ်ကမ်းဇုန်နှင့် ဈေးကွက်ယှဉ်ပြိုင်မှု ရှိလာမည့်ဆိပ်ကမ်း များမှာ စင်ကာပူ၊ ထိုင်း၊ မလေးရှား နှင့် သီရိလင်္ကာ ဆိပ်ကမ်းများဖြစ်ကြ သော်လည်း အချို့သော ဥရောပသမဂ္ဂ နိုင်ငံများ၊ အမေရိကန်နှင့် ကိုရီးယား မှ နိုင်ငံခြား သင်္ဘောများမှာ စင်ကာပူ၊ ဟောင်ကောင်ရှိ ဆိပ်ကမ်းကြီးများ သို့ သွားခြင်းထက် ကုန်ကျစရိတ်နှင့် အချိန်ကြန့်ကြာမှု သက်သာစေရန် ထားဝယ်ဆိပ်ကမ်းကို အစားထိုး ဈေးကွက်တစ်ခုသဖွယ် အသုံးပြုလာနိုင်မည်ဖြစ်သည်ဟု သိရသည်။
သို့သော် ထားဝယ်ရေနက် ဆိပ်ကမ်းကို မဟာဗျူဟာကျသော ဆိပ်ကမ်းတစ်ခုသဖွယ် ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ရန်ကုန်ဆိပ်ကမ်းသည်လည်း ဈေးကွက်အချက်အချာဖြင့် ဆက်လက် အသုံးပြုမှုရှိနိုင်ရန် လိုအပ်ကြောင်း ဆိပ်ကမ်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူက "ထားဝယ် ဆိပ်ကမ်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စရောက်လာပြီ။ ဆိပ်ကမ်းကိုအဆင့် မြှင့်တင်မှုတွေနဲ့ ဈေးကွက်ရလာအောင် သူတို့လုပ်ကြမှာဖြစ်သလို ဒီဘက်ကဆိပ်ကမ်း ဈေးကွက်အပြိုင် ဖြစ်လာတဲ့ ရန်ကုန်ဆိပ်ကမ်းကိုလည်း သမားရိုးကျလမ်းစဉ်တွေထက် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်နေပါတယ်"ဟု ပြောဆိုခဲ့သည်။


"ထားဝယ်ဆိပ်ကမ်းဟာ ပထ၀ီ မြေအနေအထားအရ အချက်အချာ ကျတဲ့ ဆိပ်ကမ်းဖြစ်လာနိုင်သလို ရန်ကုန်ဆိပ်ကမ်း ကို လည်းဈေးကွက် ဦးတည်ချက်တစ်ခုထားပြီး ဇောက်ချလိုက်ရင် မြန်မာနိုင်ငံရဲ့ဆိပ်ကမ်းတွေ အသီးသီးဟာ အချက်အချာတွေဖြစ် လာကြမှာပါ"ဟု ဆွီဒင်နိုင်ငံရှိ ပင်လယ်ရေကြောင်း စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ရသူတစ်ဦးက သုံးသပ်ခဲ့ပါသည်။
လက်ရှိတွင် ထားဝယ်ရေနက် ဆိပ်ကမ်းကို ငါးဖမ်းခြင်း၊ တံငါ လုပ်ငန်းများဖြင့်သာ အသုံးပြုမှုရှိနေသေးပြီး ဆိပ်ကမ်းတစ်ခု၏အဓိက လုပ်ဆောင်ရမည့်အချက်မှာ မည်သည့်ဈေးကွက်ကို အဓိကဦးတည် ခြင်းနှင့် ဆိပ်ကမ်းသုတေသန စစ်တမ်းများ စဉ်ဆက်မပြတ်ပြုလုပ်ခြင်းမှာ အရေးပါလှကြောင်း ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း စီးပွားရေးသုတေသီတစ်ဦးက ဆိုပါသည်။


လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီး၌ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလ၀ါ၊ အလုံနှင့် သာကေတဆိပ် ကမ်းတို့အား အဓိကအသုံးပြုရှိနေ ကြောင်း သိရှိရပါသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ရထားလမ်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ကားလမ်းများပါ ထည့်သွင်းသွားမည်ဖြစ်ပြီး လက်ရှိ၌ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။

This post copy form  http://www.news-eleven.com.

အီတလီ-ထိုင်း ကုမ္ပဏီ အင်တာနက်ဆိုဒ် - http://www.itd.co.th/en/index.php

Posted by YEPHYO on 7:56 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

1 comments for "ထားဝယ် ရေနက်ဆိပ်ကမ်း (၁)"

Leave a reply