သတိပြုစရာ နိုင်ငံခြားအလုပ်အကိုင်

| |

လစာငွေပိုပေးကာ လုပ်သားခေါ်ယူ လာခြင်းများ ယခုနှစ်ပိုင်းတွင် သိသာစွာများလာခဲ့ကာ ယင်းအားသတိပြုစရာ ဖြစ်လာခဲ့ကြောင်းနှင့် အများစု လုပ်ကိုင်ကြရသည်မှာ ယင်းနိုင်ငံများရှိ ဟိုတယ်များ၌ ဖြစ်ကြောင်း သိရှိရပါသည်။

အများစုခေါ်ယူလာသည့် နိုင်ငံများမှာ ယခင် ယူအေအီးနိုင်ငံမှ မဟုတ်ကြဘဲ အာဖရိကနိုင်ငံများမှပင် ပါဝင်လာကြကာ အများစုမှာ အမျိုးသမီးများ ပိုမိုခေါ်ယူနေပြီး ယူအေအီးရှိ ဟိုတယ်များ၌ပေးသော လစာငွေထက်ပင် ပိုမိုပေး၍ခေါ်ယူနေကြောင်း ဟိုတယ်ဝန်ဆောင်မှု အေဂျင်စီတစ်ခုထံမှ သိရသည်။

ဒူဘိုင်းရှိ ကြယ်ငါးပွင့်ဟိုတယ် တစ်ခု၌ ဒုတိယမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ မြန်မာအမျိုးသားဝန်ထမ်းတစ်ဦးက "အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ တကယ်တော့ မြန်မာလူမျိုးတွေအနေနဲ့ ယဉ်ကျေးမှု၊ ဓလေ့ စရိုက်လွန်စွာ ကွာခြားတဲ့နိုင်ငံတွေပါ။ အဓိက ဟိုတယ်ဝန်ထမ်းတွေ အခေါ် များတယ်။ လုပ်သားဈေးကွက်မှာ မြန်မာတွေဟာ ၂၀၀၅ လောက် ကတည်းကစပြီး အဲဒီနိုင်ငံတွေကို စရောက်နေခဲ့တာဖြစ်ပေမယ့် မြန်မာ အမျိုးသမီးတွေ အတွက်တော့များစွာ သတိထား နေထိုင်သင့်ပါတယ်"ဟု သတိပေးပြောကြားခဲ့သည်။

ယခုအခါ အီဂျစ်နှင့် ဆော်ဒီ အာရေဗျနိုင်ငံတို့ရှိ ဟိုတယ်များ၌ လုပ်ကိုင်ရန် ရန်ကုန်မြို့၌ဖွင့်လှစ်သော ဟိုတယ်သင်တန်းများအား လပိုင်းတက်ကာ ရောက်ရှိလုပ်ကိုင်နေလျက်ရှိသော ၀န်ထမ်းဦးရေမှာ တစ်ရာနီးပါးခန့်ပင် ရှိလာခဲ့ပြီဖြစ်သည်ဟု သိရသည်။

ယခင်က အာဖရိကနိုင်ငံများမှ အလုပ်သမား ခေါ်ယူရာတွင် ဖိလစ်ပိုင်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှား နှင့် လာအိုနိုင်ငံများမှသာ ခေါ်ယူမှုရှိခဲ့ပြီး ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ မြန်မာအလုပ်သမားများ အားစတင် ခေါ်ယူလာခဲ့ကာ ဟိုတယ်သင်တန်းကျောင်းများမှ သင်တန်းဆင်းကျောင်းသားများဆိုပါက အမေရိကန်ဒေါ်လာ ၅၀၀ စတင်ပေးလေ့ ရှိပြီး ရာထူး၊ လုပ်ငန်းအတွေ့အကြုံ၊ အင်္ဂလိပ်စာကျွမ်းကျင်မှုတို့အပေါ် မူတည်၍ အမေရိကန်ဒေါ်လာ ၁၇၀၀ မှ ၃၀၀၀ ထိ ပေးလေ့ရှိကြောင်း သိရှိရပါသည်။

"အရင်က ယူအေအီးကပဲ အခေါ်များခဲ့တယ်လို့ သိထားတာ။ အခု အာဖရိက နိုင်ငံတချို့ကနေ ခေါ်လာတယ်။ ပြီးတော့ လခတွေကို ပိုပေးပြီး မြန်မာအမျိုးသမီးဝန်ထမ်း တွေကို ပိုခေါ်တယ်ဆိုတော့ ကိုယ့်ဘက်က ဥပဒေကြောင်းအရ လုံခြုံစိတ်ချမှုတစ်ခုယူပြီးမှ သွားသင့်ပါတယ်"ဟု ကာတာနိုင်ငံ၌ ငါးနှစ်ကြာ အလုပ်လုပ်ကိုင် နေထိုင်ခဲ့ဖူးသူမြန်မာ အမျိုးသားတစ်ဦးက ဆိုပါသည်။

ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံ သို့ သွားရောက်အလုပ်လုပ်ကိုင်သူ များထဲမှ အချို့မှာ အမျိုးသမီးများ ဖြစ်ပါက ၎င်းတို့နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့များအရ လုပ်ငန်းခွင်ဝင်ရောက်ချိန်၌ ၀တ်ရုံဝတ်ဆင် ကြရကြောင်းနှင့် အထူးသဖြင့် လေကြောင်းလိုင်းများ၊ ဟိုတယ်များ၌ ၀တ်ဆင်ကြရသည်ဟု သိရသည်။

အိုမန်နိုင်ငံ၌ သုံးနှစ်ကြာနေထိုင်ခဲ့ဖူးသူ မြန်မာအမျိုးသမီးတစ်ဦး က မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်၌ "ဟိုနိုင်ငံမှာ မြန်မာလူမျိုးတွေအနေနဲ့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်မတူတာတွေ အများကြီးတွေ့ခဲ့ရတယ်။ နိုင်ငံစုံက လာတဲ့သူတွေရဲ့ ဓလေ့နဲ့အံဝင်ခွင်ကျရှိအောင် နေရတာဖြစ်သလို မြန်မာအမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာပဲ လုံခြုံစိတ်ချမှုရှိတာပါ" ဟု ပြောပြခဲ့သည်။

ယဉ်ကျေးမှု၊ ဓလေ့စရိုက် ကွာဟမှုရှိနေသည့်နိုင်ငံများ၌ နှစ်ရှည်အလုပ်လုပ်ကိုင်ရာတွင် မြန်မာအမျိုးသမီးများ အနေဖြင့် များစွာသတိထား နေထိုင်သင့်ကြောင်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ အချို့က ပြောကြားခဲ့သည်။ လက်ရှိ ဟိုတယ်လုပ်ငန်းခွင်များ၌ အလုပ်ရရှိပြီးသူများအနေဖြင့် နှစ်နှစ်မှသုံးနှစ်စာချုပ် ချုပ်ဆိုကြရကာ သတ်မှတ်နှစ်မပြည့်မီ အလုပ်ထွက်လိုပါက စာချုပ်ပါအချက်များအရ လျော်ကြေးပေးဆောင် ကြရကြောင်း သိရှိရပါသည်။

ကွန်းမင့်အစုံလင်ဖြင့် မူရင်လင့်သို့ -

Posted by YEPHYO on 11:39 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "သတိပြုစရာ နိုင်ငံခြားအလုပ်အကိုင်"

Leave a reply