ကိုယ့်ရင်ထဲက ဂီတ
အစမဲ့နိဒါန်း
''လူသားတွေရဲ့ ဖန်တီးမှု များစွာထဲမှာ မြတ်နိုးဖွယ် အကောင်းဆုံး ဖန်တီးမှုဟာ ဂီတဖြစ်တယ်''ဟု ဂျပန် ရုပ်ရှင်ဇာတ်ကား တစ်ကား၏ ဇာတ်ဝင်ခန်းတစ်ခန်းတွင် ပြောသည်ကို အမှတ်ရမိပါသည်။ ဂျာမန်ဒဿနပညာရှင် ရှိုပင်ဟောင်ဝါကလည်း သူ၏ အနုပညာ ဒဿနကျမ်းတွင် ဂီတသည် အစစ်မှန်ဆုံး အနုပညာပစ္စည်း တစ်ခု ဖြစ်သည်ဟု ရေးသားခဲ့ပါသည်။ ဂီတဖြင့် ပညာရေး အခြေခံအုတ်မြစ် တည်ဆောက်ပေးနိုင်သည်။ ဂီတဖြင့် လူတို့၏ စိတ်ဓာတ်ကို နိုးဆော်ပေးနိုင်သည်။ ဂီတဖြင့် လူတို့၏ စိတ်ထားကို နူးညံ့စေသည်။ ဂီတဖြင့် ယုံကြည်မှုကို ဖွဲ့ဆိုနိုင်သည်။ ဂီတဖြင့် ကိုးကွယ်မှုကို ပူဇော်နိုင်သည်။ မြန်မာမှုနယ်ပယ်တွင် ''မလျှော့မတင်း စောင်းကြိုးညှင်း''စကား ရှိပါသည်။ အမှုကိစ္စများ ဆောင်ရွက်ရာတွင် အစွန်း တရားများ ရှောင်ရှားနိုင်ရေး အတွက် ဂီတက ဘ၀လမ်းညွှန်မှု ပေးနိုင်ပါသည်။ ဂရိဒဿနပညာရှင် ဟေရာကလိုက်ကပ်က ဂီတတွင် အသံအနိမ့်အမြင့် ရှိသကဲ့သို့ ဘ၀သည် အကောင်းအဆိုး ရောယှက်နေသည်။ ဘ၀ဆိုသည်မှာ ကောင်းမှုနှင့် မကောင်းမှု ဟာမိုနီ ဖြစ်နေသည့် ဂီတဖြစ်သည်ဟု ဆိုပါသည်။ လူတစ်ယောက်၏ ဘ၀အစသည် မိခင်၏ ၀မ်းကြာတိုက်မှ စသည်ဟု ဆိုနိုင်သော်လည်း သံသရာရှုထောင့်မှ ကြည့်လျှင် အစမဲ့နိဒါန်း ဖြစ်ပါသည်။
အလွမ်းသီချင်းတစ်ပုဒ်နှင့်တွေ့ဆုံခြင်း
သီချင်းရေးသည့် ကိုအောင်ဝင်းနှင့် တွေ့ဆုံခဲ့ခြင်းသည် အလွမ်းသီချင်း တစ်ပုဒ်နှင့် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ မန္တလေးမြို့မှ ကဗျာဆရာ နေမင်းပိုင်စိုး(ပိုင်စိုးဝေ)က ''ကဗျာဆရာကိုယ်တိုင် ကဗျာတစ်ပုဒ် ဖြစ်နေရမည်''ဟု ရေးသားမိန့်ဆိုခဲ့ပါသည်။ ဘ၀ကို ကဗျာတစ်ပုဒ်ပမာ နေထိုင် နေတတ်သော ကဗျာဆရာ ခင်အောင်အေးနှင့် တွေ့စဉ်က သီချင်းရေးသည့် ကိုအောင်ဝင်းအကြောင်း ပြောဖြစ်ကြသည်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလသည် ''ဝေးခဲ့ပြီး ပန်းခရမ်းပြာ'' ရေးခဲ့သည့် ကိုအောင်ဝင်း တစ်ယောက် ''ဝေးခဲ့ခြင်းတစ်နှစ်ပြည့်''လ ဖြစ်သည်ဟု သိရပါသည်။ ခင်အောင်အေးက ကိုအောင်ဝင်း အမှတ်တရ ကဗျာတစ်ပုဒ် ရေးထားကြောင်း ပြောပါသည်။ ကိုအောင်ဝင်းသည် ၀တ္ထုတို၊ ဆောင်းပါးနှင့် သီချင်းအချို့ ရေးသားခဲ့သူ ဖြစ်ပါသည်။ တက္ကသိုလ်က ဒဿနိက ဗေဒဆရာတစ်ဦးလည်း ဖြစ်ပါသည်။ သူနဲ့ကိုရဲလွင် ရေးခဲ့သော ''ဝေးခဲ့ပြီး ပန်းခရမ်းပြာ''နှင့် ''မြက်ခင်းစိမ်းနဲ့ တဲငယ်လေး'' သီချင်းသည် အဆိုတော် ခင်မောင်တိုး သီဆိုခဲ့သည့် အောင်မြင်သော သီချင်းများတွင် ပါဝင်ခဲ့ပါသည်။ အဆိုတော် မီမီဝင်းဖေ သီဆိုသည့် ''ပန်းကလေးများ နိုးနေပြီး'' သီချင်းကိုလည်း ကိုအောင်ဝင်း ရေးဖွဲ့ခဲ့ပါသည်။ ကိုအောင်ဝင်းနှင့် စတွေ့သည့် နေရာမှာ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန စာကြည့်တိုက်ထဲက စားပွဲတစ်လုံးမှာ ဖြစ်ပါသည်။ လူချင်းတွေ့စက သူ၏ ထုံပေပေ အမူအယာကြောင့် သူကိုယ်တိုင် သီချင်းတစ်ပုဒ် ဖြစ်နေသည်ကို ရုတ်တရက် မသိ။ နှစ်သက်ဖွယ်ဂီတ သူ့မှာ ရှိနေသည်ဟုလည်း မထင်မိ။ သူရဲ့ လက်ရေးစာမူ''ကျွန်တော့ရဲ့ ထမင်းအိုးလေး''၀တ္ထုတိုတစ်ပုဒ် ဖတ်ရသောအခါ ကိုအောင်ဝင်းဆီမှာ နှစ်သက်ဖွယ် အနုပညာ ရှိမှန်းသိရသည်။ သူရေးဖွဲ့သည့် ကဗျာအချို့နှင့် သီချင်းစာသားများ ဖတ်ရသောအခါ ကိုအောင်ဝင်းနှင့် တွေ့ဆုံရခြင်းသည် သီချင်းတစ်ပုဒ်နှင့် တွေ့ဆုံခြင်း ဖြစ်မှန်း သိရသည်။ သီချင်းက အလွမ်းသီချင်း၊ ကိုအောင်ဝင်းသည် အလွမ်းသီချင်းတစ်ပုဒ် ဖြစ်ပါသည်။
လူသားတွေရဲ့ ဖန်တီးမှု များစွာထဲမှာ မြတ်နိုးဖွယ် အကောင်းဆုံး ဖန်တီးမှုဟာ ဂီတဖြစ်တယ်'ဟု ဂျပန်ရုပ်ရှင် ဇာတ်ကားတစ်ကား၏ ဇာတ်ဝင်ခန်း တစ်ခန်းတွင် ပြောသည်ကို . . . |
ဝေးခဲ့ပြီ ပန်းခရမ်းပြာ
ကိုအောင်ဝင်းက ရန်ကုန်တက္ကသိုလ်ဘေး အင်းလျားကန်အနီး ကန်လမ်းထိပ်မှာရှိသော ခရမ်းပြာ လက်ဖက်ရည်ဆိုင်နားက အဆောင်မှာနေစဉ် အနုပညာရှင်များနှင့် ခရမ်းပြာမှာ ဆုံလေ့ရှိသည်ဟု ဆိုပါသည်။ ''ဟိုတုန်းက ညနေခင်းများ၊ ကြည် ပြာ ကန်ဘေးမှာ၊ သံစဉ်၊ လှိုင်းခတ်၊ တေးဖွဲ့လွင့်ပျံ နေတတ်စဉ်''၊ ကိုအောင်ဝင်း၏ ညနေခင်းများမှာ သူမွေးဖွားရာ ကျောက်ပန်းတောင်းမြို့ ပုပ္ပားတောင်ညနေခင်းများလည်း ပါဝင်နေပါမည်။ သူကျောင်းတက်ခဲ့သော မိတ္ထီလာဒေသ ကောလိပ်ဝန်း ကျင်က မိတ္ထီလာကန် ညနေခင်းများလည်း ပါဝင်နေပါမည်။ ခရမ်းပြာဘေးက အင်းလျားကန်ရေပြင်၏ ညနေခင်းများလည်း ပါဝင်နေပါမည်။ ညနေခင်းဆိုသည်မှာ တစ်နေ့တာ ခွဲခွာချိန်၏ အလှဆုံးဂီတ ဖြစ်ပါသည်။ ညနေခင်း ကိုယ်တိုင်က အလွမ်းသီ ချင်းတစ်ပုဒ် ဖြစ်နေပါသည်။ ညနေခင်း တိမ်တောင်ချိန်သည် ဆေးရောင်စုံဂီတ ဖြစ်ပါသည်။ ကိုအောင်ဝင်း၏ ညနေခင်းများမှာ ရေကန်ဘေးက ရေလှိုင်းသံနှင့်အတူ ဂီတလှိုင်းသံသည် ဟာမိုနီ ဖြစ်နေပေမည်။ သီချင်းတစ်ပုဒ် ဖွဲ့နွဲ့စေပေမည်။ တေးဖွဲ့လွင့်ပျံနေစဉ်မှာပင် ရေလှိုင်းနှင့်အတူ မျောနေသည့် ပန်းဗေဒါများက ကိုအောင်ဝင်း၏ နှလုံးသားကို သီချင်းတစ်ပုဒ် ဖွဲ့စေပါမည်။ ခိုနားရာ ကမ်းမဲ့နေသည့် ''ကမ်းမဲ့ဗေဒါ''များသည် ကိုအောင်ဝင်းအား ကမ်းမဲ့အလွမ်းသီချင်း တစ် ပုဒ် ရေးဖွဲ့စေပါမည်။ ''ကမ်းမဲ့၊ ပန်း ဗေဒါများ၊ ရေပြင်ပေါ်မှာ၊ မှီရာ တည်ရာ၊ စွန့်မျောလို့ နေတော့တယ်''
ကြွေသွားတဲ့နုပျိုခြင်းများ
''ကြွေသွားတဲ့ နုပျိုခြင်းများ၊ လှောင်ရယ်သံကြားမှာ၊ မတည်ငြိမ် သေးခဲ့၊ ငြီးငွေ့၊ စိတ်ပျက်နေရစဉ်''၊ ကိုအောင်ဝင်း၏ ညနေခင်းများသည် နုပျိုသော နံနက်ခင်းကြွေကျ ခြင်းများ ဖြစ်ပေမည်။ ငယ်ဘ၀က တွယ်တာခဲ့ရသော အရာများကို စွန့်ခွာရ သော ညနေခင်း ဖြစ်ပေမည်။ ကြွေသွားသော နံနက်ခင်း၏ လှောင်ရယ်သံကို ကြားရသည့် ညနေခင်း ဖြစ်ပေမည်။ နွမ်းလျညနေခင်း ဖြစ်ပေမည်။ ဘ၀အမောညနေခင်း ဖြစ်ပေမည်။မတည်ငြိမ်သော ညနေခင်း ဖြစ်ပေမည်။ ငြီးငွေ့မှုရသ ခံစားစေသည့် ညနေခင်း ဖြစ်ပေမည်။ ဖြတ်သန်းခဲ့ရသည့် နုပျိုစဉ်ကာလများကို လွမ်းသော ညနေခင်း ဖြစ်ပေမည်။ အပြစ်မဲ့ အလွမ်းခြေရာများကို မြတ်နိုးနာကျင်စွာ ထွေးပွေ့နေရသော ညနေခင်း ဖြစ်ပေမည်။ ''အပြစ်မဲ့၊ အလွမ်းခြေရာများ၊ နာကျင်နေသူရင်မှာ၊ ထင် ကျန၊ တယုတယ၊ ထွေးပိုက်နေခဲ့တယ်''။ လူတိုင်းမှာ ငယ်ဘ၀များ ရှိကြသည်။ ငယ်ဘ၀က တွယ်တာခဲ့ရသော အလွမ်းသီချင်းများ ရှိကြသည်။ ကြွေသွားသော နုပျိုခြင်းများအတွက် ငယ်ဘ၀က အလွမ်းသီချင်းနှင့် ပျော်ပါးတတ်ကြပါသည်။
တစ်ခါတစ်ရံမှာ အိပ်မက်လို
ကိုအောင်ဝင်း၏ စွန့်ခွာခဲ့ရသော ငယ်ဘ၀က ပုပ္ပားညနေခင်းများသည် အိပ်မက်ပမာ ဖြစ်နေကြပေမည်။ ကိုအောင်ဝင်းက ကမ်းမဲ့ဗေဒါပမာ ငယ်ဘ၀ကို စွန့်မျောခဲ့ပြီ။ လွမ်းမောဖွယ် နွေပုပ္ပားများသည် ပန်းခရမ်းပြာ အိပ်မက်များ ဖြစ်ခဲ့ပြီ။ ''ဝေးခဲ့ပြီ၊ ပန်း ခရမ်းပြာရေ၊ တစ်ခါတစ်ရံ၊ အိပ်မက်လို၊ ပင်ညိုညိုရိပ်တွေ မြမြက် စိမ်းစိမ်းတွေ၊ ဘယ်ဆီမှာလဲ၊ မသိတော့ပါ''။ လူတွေ၏ ရင်ထဲမှာရှိနေသော အိပ်မက်သည် အတိတ်လည်း ဖြစ်နိုင်သည်။ အနာဂတ် မျှော်လင့်ချက်လည်း ဖြစ်နိုင်ပါသည်။ အေး ချမ်းတည်ငြိမ်သည့် ပင်ညိုညို အရိပ်များနှင့် စိတ်ချမ်းမြေ့မှု ရှု့မျော်ခင်း ဖြစ်သည့် မြမြက်စိမ်းစိမ်းများသည် အတိတ်လည်း ဖြစ်နိုင်သည်။ အနာဂတ်လည်း ဖြစ်နိုင်ပါသည်။ အတိတ်ကို မေ့လျော့ပြီး အနာဂတ် ပျောက်ဆုံးနေသူများရဲ့ ကမ်းမဲ့ ပစ္စုပ္ပန်ကို ဖွဲ့နွဲ့လေသလား၊ ကိုအောင်ဝင်းရေ၊ အိပ်မက်လိုပဲ လွမ်းမိပါရဲ့။
မျှော်လင့်ချက် မနက်ဖြန်ရက်များ
ဖွင့်မကြည့်နဲ့ဟု ပြောပြီး လက်ဆောင်ပေးလိုက်သော သေတ္တာတစ် လုံးရှိသည်။ ဖွင့်ကြည့်မိသောအခါ သေတ္တာထဲက ပျံထွက်သွားသော အရာများ မကုန်ဆုံးမီ ကမန်းကတန်း ပိတ်လိုက်သည်။ သေတ္တာထဲမှာ ကျန်ရစ်သော အရာဆိုသည်မှာ ''မျှော်လင့် ခြင်း''ဖြစ်သည်။ ဘ၀ဆိုသည်မှာ မျှော်လင့်ခြင်းတစ်ခုဖြင့် အသက်ရှင်ကြရသည်ဟု ဆိုပါသည်။ လူတို့ အသက်ရှင်သန်နေသရွှေ့ မျှော်လင့်ချက် ရှိနေပါသည်။ ယုံကြည်ချက်ကို လက်မလျော့ပါနဲ့ဟု ကိုအောင်ဝင်းက ဖွဲ့နွဲ့ခဲ့ပါသည်။ ''မျှော်လင့်ချက် မနက်ဖြန် ရက်များ၊ အဆင်မပြေနိုင်သေးခင်၊ ယုံကြည်တမ်းတ၊ အသိစိတ် လမ်းလျောက် နေဖြစ်စဉ်''။ ဘ၀ဖြစ်တည်မှု ဒဿနပညာမှာ အသိစိတ်ရှိသူ လူသားသည် လွတ်လပ်စွာ ရွေးချယ်ခွင့်နှင့်တာဝန်ယူမှုဖြင့် အပြုအမူများကို လုပ်ဆောင်ကြရသည်ဟု ဆိုပါသည်။ အသိစိတ် မရှိသော သက်မဲ့ပစ္စည်းပမာ ပြုမူနေထိုင်ပါက လွတ်လပ်မှုနှင့်တာဝန်ယူမှု မရှိသူ ဖြစ်မည်။ မျက်နှာ ပျောက်ဆုံးနေသူ ဖြစ်မည်။ စစ်မှန်သော ဘ၀ဖြစ်တည်မှုဖြင့် နေထိုင်သူ မဖြစ်နိုင်။ ကိုအောင်ဝင်းက အသိစိတ် လမ်းလျောက်နေဖြစ်စဉ် စစ်မှန်သောဘ၀ ဖြစ်တည်မှုဖြင့် ရည်ရွယ်ရာသို့ လက်မလျော့တမ်းခရီး ဆက်ကြဖို့ ရေးဖွဲ့ပါသည်။ ''စခန်းမဲ့ နားခိုရာလည်း၊ ဘယ်ဆီဘယ်မှာ၊ ရည်ရွယ်ရာကို၊ ခုထိ၊ လက်မလျော့ နိုင်ဘူးကွယ်''
စခန်းမဲ့နားခိုရာ
''ကူးရင်မြုပ်မယ်၊ ရပ်နေရင် မျောပါသွားမယ်''ဟု သစ်တုံးပမာ တရား၌ ဗုဒ္ဓက မိန့်ဆိုခဲ့ပါသည်။ သံသရာဝဲသြဃတွင် လူသားတို့သည် နစ်မြှုပ်သွားကြသည်။ မျောပါသွားကြသည်။ ကူးလည်း မကူး၊ ရပ်လည်း ရပ်မနေမှသာ သံသရာက လွတ်မြောက် ပါသည်။ လွတ်မြောက်မှု ဆိုသည်မှာ မည်သည့် ဟိုဖက်ကမ်း သည်ဖက်ကမ်းတွေ မကပ်ဘဲ ရည်ရွယ်ရာ သမုဒ္ဒရာ အထိ ရောက်စေသည့် ကမ်းမဲ့ဗေဒါ ပန်းခရမ်းပြာ ဖြစ်လေမလားဟု တွေးမိပါသည်။ ''ဝေးခဲ့ပြီ၊ ဝေးခဲ့ပြီ၊ ဝေးခဲ့ပြီ၊ ပန်းခရမ်းပြာရေ၊ ဝေးခဲ့ပြီ၊ ဝေးခဲ့ပြီ''နာကျင်မြတ်နိုးစွာ ဝေးခဲ့ပါပြီ။ ပျော်ရွှင်နာကျင်စွာ လွတ်မြောက်ခဲ့ပြီ။ စခန်းမဲ့ နားခိုရာဆိုသည်မှာ လွတ်မြောက်မှု သင်္ကေတလည်း ဖြစ်နိုင်ပါသည်။ ဒုက္ခကို သိခြင်းသည် ဒုက္ခမှ လွတ်မြောက်ခြင်း ဖြစ်သည်။ နာကျင်ဆင်းရဲမှုကို သိခြင်းသည် လွတ်မြောက်မှု ချမ်းသာငြိမ်းအေးခြင်း ဖြစ်ပေမည်။
ကိုယ့်ရင်ထဲက ဂီတ
''သန့်စင်စွာ နေလိုခြင်းနဲ့ ရင်းနှီးရုံ၊ မိုးမခတောထဲက တဲငယ်လေး၊ သီချင်းသံတွေနဲ့၊ တဲငယ်လေး၊ အလင်းလာလမ်းမှာ၊ အစောဆုံး ကြိုဖို့ရာ၊ ဟန်ဆောင်သူများနဲ့ ဝေးကွာဖို့၊ မြက်ခင်းစိမ်းနဲ့ တဲငယ်လေး''ကို အောင်ဝင်း၏ မြက်ခင်းစိမ်းနဲ့ တဲငယ် လေး သီချင်းစာသားထဲမှ စကားလုံး အချို့ ဖြစ်ပါသည်။ လွတ်လပ်ခြင်းသည် သန့်စင်စွာ နေလိုခြင်း ဖြစ်ပေမည်။ အပြာရောင်ညကို ကျောခင်းပြီး လနှင့် ကြယ်ကို အပျင်းပြေ ဖိတ်ခေါ်တတ်သော ကိုအောင်ဝင်း၏ဘ၀၌ အဆိုး အကောင်းတွေ တွေ့ခဲ့ရပေမည်။ အဆိုးနှင့်အကောင်းသည် ဂီတသံစဉ် အနိမ့်နဲ့အမြင့် ဖြစ်နေပေမည်။ ကိုအောင်ဝင်းကိုယ်တိုင် ရွေးချယ်ခဲ့သည်မှာ သူ့ရင်ထဲက လွတ်လပ်မှု ဂီတ ဖြစ်ပေမည်။ သူပြန်ပေးခဲ့သည်မှာ ငြိမ်း ချမ်းမှု အလွမ်းသီချင်း ဖြစ်ပါသည်။ လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုသည် သူ ရည်ရွယ်ရာ ဖြစ်ပါသည်။ သူရည်ရွယ်ရာသည် အနာဂတ်ကို ပိုင်ဆိုင်သည့် ပန်းခရမ်းပြာ လူငယ်များ၏ အိပ်မက် ဖြစ်ပါသည်။ လူငယ်များသည် သတ္တိရှိရှိ ပွင့်လာသည့် ပန်းပွင့်များ ဖြစ်သည်ဟု သူ၏''ပန်းကလေးများ နိုးနေပြီ'' သီချင်းတွင် ရေးဖွဲ့ခဲ့ပါသည်။
အဆုံးမဲ့နိဂုံး
ဒဂုံတက္ကသိုလ် ဒဿနိကဗေဒ အငြိမ်းစားပါမောက္ခ ဌာနမှူး ဆရာမကြီး ဒေါ်ရီရီမြင့်က ကိုအောင်ဝင်းဆုံးသည့် သတင်းကြားရသောအခါ သူ၏ သားငယ်က ငိုကြွေးနေသည်ဟု ပြောပြပါသည်။ သားငယ်က ကိုအောင်ဝင်းနှင့် ကိုအောင်ဝင်း သီချင်းကို မြတ်နိုးသူ ဖြစ်ပါသည်။ ကိုအောင်ဝင်း အကြောင်းတွေးရင်း နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည် နေရာကို သတိရမိပါသည်။ ဒဂုံတက္ကသိုလ် ဒဿနိကဗေဒဌာန အဆောက်အအုံ အနီးရှိ ''သံယောဇဉ်''ကဖေးမှာ ဖြစ်သည်။ ထိုစဉ်က ''သံယောဇဉ်''ဘေးက ပင်လယ်ကဗွီးပင်များ ယိမ်းနွဲ့ပြီး အလွမ်းသီချင်းတစ်ပုဒ် သီဆိုနေကြသည်။ ဗင်းဆင့်ဗင်ဂိုး၏ ပန်းချီကားထဲက ပင်လယ်ကဗွီးပင် စုတ်ချက်များပမာ ဂီတသံစဉ်များဖြင့် အလွမ်းသီချင်း ဖြစ်ပါသည်။ ကိုအောင်ဝင်းက တက္ကသိုလ် ဒဿနဆရာ ဘ၀မှ အနားယူပြီး ကျောက်ပန်းတောင်က ပုပ္ပားတောင်ရိပ်မှာ လူငယ်တွေကို ဒဿနစကားများ ပြောပြနေသည်ဟု ဆိုပါသည်။
ကိုအောင်ဝင်းသည် မြတ်နိုးဖွယ် အကောင်းဆုံး ဂီတကို ဖန်တီးသူ ဖြစ်ပါသည်။ လောကကို ဂီတဖြင့် မေတ္တာပြခဲ့သူ ဖြစ်ပါသည်။ ပန်းခရမ်းပြာ လူငယ်များ ရှိနေသရွှေ့ ကိုအောင်ဝင်း ရှိနေပါသည်။ ပန်းခရမ်းပြာဗေဒါများ ရှိနေသရွှေ့ ကိုအောင်ဝင်း ရှိနေ ပါသည်။ ပန်းခရမ်းပြာ အိပ်မက်များ ရှိနေသရွှေ့ ကိုအောင်ဝင်း ရှိနေပါသည်။ ပန်းခရမ်းပြာဂီတများ ရှိနေသရွှေ့ ကိုအောင်ဝင်း ရှိနေပါသည်။ ပန်းခရမ်းပြာ အနာဂတ်များ ရှိနေသရွှေ့ ကိုအောင်ဝင်း ရှိနေပါသည်။ ပန်းခရမ်းပြာ ယုံ ကြည်မှုများ ရှိနေသရွှေ့ ကိုအောင်ဝင်း ရှိနေပါသည်။ ပန်းခရမ်းပြာ ရည်ရွယ်ရာများ ရှိနေသရွှေ့ ကိုအောင်ဝင်း ရှိနေပါသည်။ ဝေးခဲ့ပြီ၊ ဆိုပေမယ့်၊ မဝေးခဲ့ပါပြီ၊ ပန်းခရမ်းပြာ၊ ကိုအောင်ဝင်း ရေ . . . ။
Written by ဆန်းထွန်းသောင်။ မူရင်းလင့်သို့ -



