ခေါင်းချင်းတိုက်မိ စိတ်မရှိကြေး
Pioneer ဘူတာကအထွက်
ခရေပင်တန်းကို ဖြတ်လျှောက်မိရင်
တခါက ခရေကောက်ခဲ့ဖူးတဲ့ အတိတ်ဆီကို
စိတ်ဝိညှဉ်က ပြန်ရောက်သွားတယ်။
မုခ်ဦးဝမှာ
ဖီးဆင့်စက်ဘီးတွေ တန်းစီလို့
စေတီကြီးဘုရား ရင်ပြင်တော်မှာ
ချစ်သူစုံတွဲများ ထာဝရအတွက်သစ္စာပြု။
မိသားစုတွေ တဖွဲ့ပြီး တဖွဲ့
ကလေးတွေရယ် ဘုရားဖူးလို့ နေကြတယ်။
ခရေနံ့သင်းတဲ့ လေနုအေးကိုရှူ
အေးမြတဲ့ ကြွေပြားအခင်းပေါ်မှာ ထိုင်လို့
ကမ္ဘာမြေ အေးချမ်းစေဖို့ တောင်းဆုတွေပြု။
ခရေပင်အောက်မှာ
ခရေချစ်သူတွေ ခရေပန်းကောက်နေကြတယ်။
ခရေပွင့်လေးတွေ ကြွေကျနေတာ
ကောင်းကင်က ကြယ်လေးတွေ ကြွေကျလာသလို
လေပြေအဝှေ့မှာ ခရေပန်းလေးတွေ ၀ဲပျံလို့ကျလာတယ်။
တပင်တည်း ခရေပင်မှာ
ခရေပန်းကောက်သူတွေကများလှတယ်။
လေမှာ ၀ဲပျံနေတဲ့
ခရေပန်းလေးတွေ မော့်ကြည့်လို့
မြေပေါ်မကျခင် ဖမ်းနိုင်ဖို့ ပြင်နေကြတယ်။
အော်.. စိမ်းမြမြ ခရေပင်ကြီးရယ်
များလှတဲ့ ခရေချစ်သူတွေရယ်
အေးချမ်းလှပါဘိ၊
ပျော်စရာ အတိ။
တခါက ညချမ်းလေပြေရယ်
တခါက ခရေပင်ကြီးရယ်
တခါက ခရေချစ်သူတွေရယ်
လေမှာ ၀ဲပျံတဲ့ခရေပန်းလေးတွေ ကောက်ချင်သေးတယ်
ခေါင်းချင်းတိုက်မိ စိတ်မရှိကြေးပေါ့။
ဆယ်တန်းတုန်းက သူငယ်ချင်း ကဗျာရူး စိုးမင်း အတွက် အမှတ်တရ ..
ဓာတ်ပုံ - နိုင်နိုင်စနေ ဘလော့ဂ်မှ ရယူသည်။




