နွေးထွေးသောသူမ၏ရင်ခွင်
ဒီဇင်ဘာလ မြူနှင်းတို့ သိုင်းခြုံလွှမ်းတဲ့ နံနက်ခင်းမှာ တည်ငြိမ်နေတဲ့ သူမကိုတွေ့လိုက်ရတော့ကျွန်တော်အ၇မ်း ၀မ်းသာမိတယ်။ ပုပ္ပါး-ဒဂုံ အဝေးပြေးဘတ်စ်ကား ပြတင်းမှန်မှ ၀ိုးတ၀ါးနဲ့ မီးရောင်အောက်က သူမကို မသဲမကွဲ တွေ့ရတယ်။ အလွမ်းတွေ ရင်ခွင်ပိုက်လို့ သူမရှိရာ အပြေးပြန်ခဲ့တာ အခုဆို သူမရင်ခွင်မှာ နားခိုရတော့မယ်။ အချိန်ကြာမြင့်စွာ စီးနှင်းလာသော အဝေးပြေး ဘတ်စ်ကားကြီးပေါ်မှ ပေတရာလမ်းမပေါ် ခြေချလိုက်၏။ အဲဒီအခိုက်တန့်မှာ အေးမြသည့်ဆောင်းလေက သူမရဲ့မူပိုင် ကိုယ်သင်း ရနံ တွေကို ယူဆောင်လာတယ်။ သူမနဲ့ဝေးခဲ့တာ ကြာပေမယ့် သူမကဟန်မပျက်။ အရင်အတိုင်း ညင်သာတဲ့ လေပြေနဲ့ ထွေးပွေ့ လို့ ကြိုဆိုတယ်။
ပေတရာထက်မှာ မတ်တပ်ရပ်ရင်း လက်နှစ်ဖက်ကိုဆန့်လို့ လေနုအေးနဲ့အတူပါလာတဲ့ သူမရဲ့ရနံကို အားပါးတရ ရှူရှိုက် နေမိတယ်။ တကိုယ်လုံး ပြန်နှံ့သွားတဲ့ သူမရဲ့လေပြေ ရနံ့က ရင်ထဲမှာအေးမြလို့ လူကို လန်းဆန်း သွားစေတယ်။ ရှေ့နောက် ဘယ်ညာကို တစ်ချက်ဝေ့ကြည့်မိတော့ အချို့က မြူနှင်းကြားမှာ ပွေ့ဖက်နှုတ်ဆက် လို့ ဝေးကွာမှုအလွမ်းနေ့ရက် တွေကို ချေဖျက်တယ်။ ကျွန်တော့်အတွက်တော့ သူ့မရဲ့ လေပြေအထိ အတွေ့လေးတွေနဲ့ အလွမ်းနေ့ရက်များ ကြေပျက်တယ်။ တကယ့်ကို တည်ငြိမ်အေးချမ်းပြီး မပြောင်းလဲသော သူမဘ၀ကိုကြည့်ရင်း အ၇မ်းကြည်နူး မိပါတယ်။ ခဏကြာတော့ ကားပေါ်က ဆင်းလာတဲ့လူတွေ ခရီးကိုယ်စီ ဆက်လို့ လူစုကွဲသွားတယ်။ နေရောင်ချည် မမြင်ရသေး။ စိတ်ထဲမှာ ဆောင်းနှင်းတွေဝေနေတဲ့ ဒီအချိန် လေးကို ကုန်ဆုံးသွားမှာ နှမြောနေမိတယ်။
ခရီးဆောင်အိပ်ကို ကျောမှာပိုးလိုက်တယ်။ အနွေးထည်ခေါင်းစွပ်ကို မတင်လို့ ၀င်းဝင်းစီနီမာအရှေ့ လမ်းမကြီး အတိုင်း လမ်းလျှောက်ခဲ့တယ်။ ဝေးကွာလှတဲ့ ဓာတ်တိုင်မီးတွေက သူမရဲ့ မြနှင်းဝေတဲ့ မှုန်ရီဝိုးဝါး ဆောင်း နံနက်ခင်းကို ပိုမိုအသက်ဝင် စေတယ်။ မြူမှုန်ကြဲတဲ့ အလင်းရောင်အောက်က မြင်းလှည်းဆရာရဲ့ လှည်းဘီး ကြား နှင်တံထိုးတဲ့ အချက်ပြသံကို ကြားရတယ်။ တိတ်ဆိတ်တဲ့ နံနက်ခင်းမှာ အေးမြတဲ့လေကို ရင်နဲ့တိုးလို့ လမ်းလျှောက်နေဆဲ မြင်းလှည်းဆရာမှ “ ဗျိုး. ဆရာလေး မြင်း လှည်း ငှားပါလား ” လို့ လှမ်းမေးတယ်။ “ဟင်..ဆရာလေးတဲ့... ဘယ်လိုခေါ်လိုက်ပါလိမ့်” မြင်းလှည်းဆရာ ဦးလေးကြီးကို ကြည့်မိတော့ ခပ်တည်တည်ရယ်။ “မငှားတော့ဘူးဦးလေ လမ်းလျှောက်ချင်လို့” လို့ ပြန်ဖြေလိုက်တယ်။ ကျွန်တော့်စကား မဆုံးခင်မှာပဲ မြင်းခွာသံ နဲ့ လှည်းဘီးကြား နှင်တံထိုးလို့ အချက်ပြသံတို့ တစ်ဖြေးဖြေး ဝေးသွားတယ်။
သူမရဲ့ နံနက်ခင်းအချိန်မှာ လင်းကြက်တွန်သံ သဲ့သဲ့လေးကိုလဲ ကြားရတယ်။ အေးချမ်းသာယာခြင်းနဲ့ အရာ အားလုံးကို လွှမ်း ခြုံပေးထားတယ်။ သူမရဲ့လမ်းတွေက အချို့လမ်းမှာ ပလက်ဖောင်း မရှိဘူး။ ဒီလမ်းတွေကို လျှောက်နေကြ ခြေမျက်စေ့က အလွတ်ရတယ်။ မိုးကာလ ရေတိုက်စား သယ်ယူလာတဲ့ ပေတရာဘေးက သဲဖြူဖြူတွေမှာ လျှောက်ဖူးတယ်။ လျှောက်ရင်း လျှောက်ရင်း ဘူတာကြီးလမ်းဆုံ အ၀ိုင်းကိုကျော်ခဲ့ပြီ။ နဖူးမှာချွေးလေးစို့တော့ ကုန်တော်ကြီးဘုရား ကိုဖူးတွေ့ရတယ်။ မီးရောင် အောက်က လက္ဖက်ရည်ဆိုင်မှာ အကြော်ဆရာကိုလဲ မြင်နေရတယ်။ မျက်စေ့တစ်ဆုံး အရှေ့ကို အနောက်ကို ရှေ့တူရှုကို ကြည့်လို့ရနိုင်တဲ့ အကြော်ဆရာနဘေးကခုံမှာထိုင်လို့ ဝေးနေတာကြာပြီဖြစ်တဲ့ ကျောက်ပန်းတောင်းတခွက်နဲ့ အီကြာကွေး ပူပူလေး မှာလိုက်တယ်။
သူမရဲ့လမ်းတွေမှာ လမ်းလျှောက်သူ တစ်ယောက်စ နှစ်ယောက်စ ရှိတယ်။ လမ်းထိပ်က မုန်ပြစ်သလက်၊ မုန့်လင်မယား၊ အကြော်စုံရောင်းတဲ့ အဒေါ်ကြီးလဲ မီးမွေးလို့နေတယ်။ အဝေးဆီမှ လွင့်ပြန့်လာတဲ့ အဆိုတော် မာမာအေးရဲ့ ဓမ္မတေးသီချင်း တွေ ကြားနေရတယ်။ တစ်ဆက်တည်း အာရုံဆွမ်းခံကြွလာတဲ့ ဆရာတော်များနဲ့ မောင်ကျောင်းသားရဲ့ ကြေးစည်သံကို ကြားရပြန် တယ်။ ကျောင်းထိုင် ဆရာတော်၊ တိုက်အုပ်ဆရာတော်၊ စာသင်သားဆရာတော်၊ ကိုရင်လေး စသည် တန်းစီလို့ ဖူးတွေ့ရတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းတခုပင်။ နောက်ဘ၀ဆက်တိုင်း ဆက်တိုင်းမှာ သူမ၏ရင်ခွင်မှ မခွဲမခွာ မကွဲမကွာ နေရပါလို၏ လို့ စိတ်ထဲ ကြိတ်ကာ ဆုတောင်းမိပါတယ်။
အချိန်ဘယ်လောက်ကြာသွားလဲမသိ။
ရောင်နီဦး အလင်းရောင်က အထပ်မြင့်အိမ်အမိုးများကို အရောင်ချယ်လို့ နေလေပြီ။
မြင်းလှည်းသံများ ပိုမိုကြားရသည်။ စက်ဘီး ဆိုင်ကယ် အလျိုလျို ဖြတ်သွားနေသည်။ ပြည်တွင်းဖြစ် ထော်လာဂျီ အသံက အိပ်ရေးကြီးသော သားသားမီးမီးတို့အား လှုပ်နိုးနေသလိုပင်ဖြစ်တော့သည်။
သို့နှင့်ကျွန်တော်လဲ လက်ဖက်ရည်ဆိုင်မှာ ပိုက်ဆံရှင်းပြီး ဗိုလ်ချုပ်လမ်းအတိုင်း လွတ်လပ်ရေးရပ်ဆီ ခြေဦးတည်လိုက်သည်။
မူရင်းလင့်ခ်



