ကျွန်တော်နှင့်ကျောက်ပန်းတောင်းအသင်း

| |

http://kyaukpadaung.com > စကားဝါမြေသားလေး ရေးသားသည်။
ကျောင်းမှာတောင် ဆရာမက စာစီစာကုံးရေးခိုင်းရင် နေ့ ရွှေ့ ညရွှေ့ နေတဲ့ သူကိုများ အကိုဆန်းဝင်း ကလာပြီး တက်ဂ် သွားတယ်ဗျာ။ ဒီလူကြီးတော့ ဟွန်း….။:P (ဒီမှာရေးရတာက မြန်မာလို မဟုတ်ဘူးလေ။ ဒါကြောင့် မရေးချင်တာ။ အခု တော့ မြန်မာ လိုပဲ ဆိုတော့ လာထားပေါ့။ ဒီလောက်တော့)

အဲ့…… စလည်းရေးရော ဘယ်က စရေးရမှာပါလိမ့်။
ကျွန်တော်နှင့်ကျောက်ပန်းတောင်း ဆိုတော့က ဟုတ်ကဲ့ ကျွန်တော် က အညာသားစစ်စစ်ပါ။ ရွာသား စစ်စစ်ပါ ခင်ဗျာ။ ကျောက်ပန်းတောင်း တောင်ဘက် ၆ မိုင်လောက် ကွာဝေးတဲ့ ဆုံရွာ ဆိုတဲ့ ရွာလေးမှာ ၁၉၈၅ ခုနှစ်မှာ လူ့ လောကထဲကို ၀င်ရောက်ခဲ့တာပါ။ ဖေဖေ မေမေ တို့ ရဲ့ သားကြီး သြရသ ဖြစ်သလို ဖိုးဖိုး ဖွားဖွားတို့ ရဲ့ ချစ်ခြင်းအနှစ် တွေ စုဝေးနေတဲ့ မြေးဦးပါ ခင်ဗျာ။ ရွာမှာတာ မွေးခဲ့ပေမဲ့ ရွာမှာ မကြီးခဲ့ရပါဘူး။ ဖေဖေ က အစိုးရ၀န်ထမ်းဆိုတော့ မွေးပြီး သိပ်မကြာခင်ပဲ သူအလုပ်ရှိတဲ့ ထားဝယ်(ဟိန္ဒား သတ္ထုတွင်း) ကို ပြန်ရမှာဖြစ်တော့ မေမေနဲ့ ကျွန်တော်လည်း လိုက်ရတာပေါ့လေ။ ဒါကြောင့် လသားနဲ့  လေယဉ်စီးဖူး ခဲ့တဲ့ ရွာသား လေးပါခင်ဗျာ။ (ကြုံတုံးကြွားခြင်းသာ…:P)

အဲ့ဒီကနေ ဖေဖေ အလုပ်ရှိတဲ့ မြို့ တွေမှာ လိုက်နေရင်း ကျောက်ပန်းတောင်း ဇာတိမြေကို သိပ်မရောက်ဖြစ် ခဲ့ပါဘူး။ တစ်နှစ်မှ တစ်ခေါက် လောက်ပဲ ရောက်ခဲ့ပါတယ်။ ထားဝယ်ကနေ ကယားပြည်နယ်(လွိုင်ကော်) အဲ့ဒီနောက် မော်ချီး စသဖြင့် မြို့ တွေ အလီလီ ပြောင်းခဲ့ရတယ်။ ရွာမှာ သိပ်ကြာကြာ မနေရပေမဲ့ ရောက်တဲ့ အချိန် နေရတာ အရမ်းပျော်ရွင် ရပါတယ်။ တနေကုန်တနေခမ်း ယာခင်းတွေ ထဲလျှောက်သွား၊ အကိုတွေနဲ့  ရှဥ့်၊ ကြွက်၊ ငှက် အစုံလိုက်ဖမ်း။ ပြီးရင် ယာထဲက ထန်းလျက် ဖိုမှာတင် ကင်စား။ ပြီးမှ ရွာပြန်။ အဲ့လို နေတာပါ။ အိမ်ကလည်း အကိုတွေ နဲ့ သွားတာဆိုတော့ ဘာမှမပြောပါ ဘူး။ နောက် ရွာမှာပဲ ရှင်ပြုနားသ လုပ်ပြီး သာသနာ့ဘောင်ဝင် ခဲ့ပါတယ်။ ဘယ်လောက်ထိ အညာကို စွဲလမ်းလဲ ဆိုရင် လွိုင်ကော်ကနေ ၃ တန်းနှစ် နွေရာသီမှာ တစ်ယောက်တည်း ကျောက်ပန်းတောင်းပြန် ခဲ့တာပါ။ ဖေဖေက ယောကျာင်္းပဲတဲ့ သွားတဲ့ ။ ဒီကလည်း ရွာမှာကိုရင် ၀တ်ချင်လွန်းလို့ သွားတာပါ။

အဲ့ဒီကနေ ၆တန်းနှစ်မှာ ဖေဖေ ဆုံးခဲ့ပါတယ်။ ဖေဖေကလည်း သူ့ ဇာတိကို အရမ်းချစ်ပုံရတယ်။ ရာပြန်ရင် ရွာမှပဲ ဆုံးခဲ့တာပါ။ ငှက်ဖျားရောဂါနဲ့ ပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ မိသားစုတွေ ကျောက်ပန်းတောင်းမှာ ပဲ အခြေချဖြစ်ခဲ့တာပါ။ ဖေဖေ ဆုံးတော့ ကျွန်တော် ၆ တန်းပါ။ အဲ့ဒီအချိန်ကပဲ စပြီး ကျောက်ပန်းတောင်း မြို့ မှာ စတင်နေခဲ့တာပါ။ ကျောက်ပန်းတောင်း အ.ထ.က- ၂ ကနေ ၂၀၀၀-၂၀၀၁ မှာ ၁၀ တန်းအောင်ခဲ့ပါတယ်။ ၁၀ တန်းအောင်ပြီး (ဆေး-မန်း) မှာ ၂ လခွဲလောက် တက်ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ မိသားစုအခြေအနေအရ တပ်မတော်နည်းပညာတက္ကသိုလ် ရောက်ခဲ့ပါတယ်။ ၂၀၀၆ မှာ ဗိုလ်အဆင့်နဲ့ အင်ဂျင်နီယာဘွဲ့ (စက်မှု) နဲ့ ကျောင်းပြီးခဲ့ပါတယ်။ စပြီး ၁၀ တန်းအောင်ကတည်းက ကျောက်ပန်းတောင်းမြို့ လေးနဲ့  ကင်းကွား ခဲ့ရပြန်တယ်။ ကျောင်းတက်တော့လည်း ၁ နှစ်မှ ၁ ခါ ခွင့်ရတာဆိုတော့ အဲ့ဒီအချိန်လောက်ပဲ ပြန်ဖြစ်တယ်။ နောက် ဘွဲ့ ရပြီး မကြာခင်ပဲ ဘာသာစကား အမှတ်စဉ်-၈ (ရုရှားဘာသာ) ကို ဆက်တက်ပြီး အခု ရုရှား ကို ပညာသင် အနေနဲ့ ရောက်ခဲ့ပါတယ်။

အမိမြေနဲ့ ဝေးပြီး တိုင်းတစ်ပါးမှာ ခြေချစတဲ့ နေ ကစလို့  ဇာတိမြေကို လွမ်းစိတ်၊ အိမ်ကို လွမ်းစိတ်၊ နောက် ချစ်ခြင်းစုရုံး သက်ထက်ဆုံးသည့် မဒီချောနှမကို လွမ်းတဲ့ စိတ်၊ အဲ့ဒီစိတ်တွေနဲ့ လူက တော်တော် မှိုင်တယ်ဗျာ။ ဒီမှာက ရာသီဥတုကလည်း အမြဲ အေးနေတော့ အခန်းထဲကနေ အပြင်လည်း သိပ်မထွက်ဖြစ်ဘူး။ အမြဲကွန်ပျူတာ ရှေ့ မှာပဲ ရုပ်ရှင်ကြည့်လိုက်၊ သီချင်းနားထောင်လိုက် နဲ့ နေရင်းနဲ့  ဘလော်ဂါ ဆိုတာနဲ့ စာတွေလိုက်ဖတ်ရင်း ရင်းနှီးလာတယ်။ ဒါနဲ့ ကိုယ်လည်း ကိုယ့် ခံစားချက်တွေကို ရေးချင်တာ ရေးမယ်လို့ စိတ်ယူရင်း ဘလော့လေး တစ်ခု လုပ်ဖြစ်တယ်။ စလုပ်တုံးက ချစ်သောသူသို့ ရည်ညွှန်းပြီး လုပ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တဖြေးဖြေးနဲ့ ကျွန်တော် Web Design ပိုင်းကို စိတ်ဝင်စားလာမိတယ်။ ဒီလိုနဲ့ စာတွေလိုက်ဖတ် မသိတာရှိရင် သိတဲ့သူတွေ ကိုမေး နဲ့  Blogger လောကထဲကို ၀င်လာခဲ့မိတယ်။ အဲ့ဒီမှာ နံမည် ၁ လုံးတော့ရွေးရမှပဲ ဆိုတော့ ကိုယ့်နံမည်နဲ့ ကျ မလုပ်ချင်ဘူးဗျ။

ဒါနဲ့  ကိုယ့်မွေးရာဇာတိနဲ့ ပါတ်သတ်တာ လေးပေးမယ်ဆိုတော့ စကားဝါမြေ ဆိုတာလေး ကို ကြိုက်တာနဲ့  အဲ့ဒီနံမည် လေးနဲ့ လုပ်ဖြစ်ခဲ့ပါတယ်။ နောက် အင်တာနက်မှာ ကိုယ့်လို ကျောက်ပန်းတောင်းက ဘလော့ဂါတွေ ရှိမလား ဆိုပြီး Google မှာ ကျောက်ပန်းတောင်းလို့ ရိုက်လိုက်ရော…. ဆန်းဝင်း(ကျောက်ပန်းတောင်း) ဆိုပြီး အဲ့ဒီလူကြီးပေါ့ တန်း ထွက်လာတာ။ အမှန်ပြောရရင် တော်တော် ၀မ်းသာသွားတယ်ဗျ။ ဘာလို့ လည်းဆိုတော့ ကျောက်ပန်းတောင်းက နံမည်ရှိတဲ့မြို့ ဗျ။ ဂျပန် က ကားကုမ္ပဏီတော်တော်များများက ကျောက်ပန်းတောင်းဆိုတာ တော်တော်ကြီးလားလို့ မေးဖူးတယ်ဗျ။ ဘာလို့ လဲဆိုတော့ (၁၀) ဘီးကားတွေ မှာလိုက်ရင် ကျောက်ပန်းတောင်းက အမြဲပါတာကိုး။ နောက်ပြီး ကျောက်ပန်းတောင်းဘက်က ရွာတွေ ဘက်အလည် မသွားလိုက်နဲ့ ၊ သွားလိုက်တာနဲ့ အိမ်တိုင်းစေ့ နီးပါး “သားကြီးက စင်္ကပူမှာ၊ သားငယ်ကတော့ မလေးမှာပဲ ရှိသေးတာ၊ သမီးက အခု သူ့ အကိုတွေ ရှိတဲ့ နောက်လိုက်ဖို့ ရန်ကုန်မှာသင်တန်းတက်နေတယ်” စသဖြင့်ပေါ့လေ… ကြားရတာက။ တကယ့်ကို လေးစားအားကျစရာပါ။ :P (ဟီး.. အဲ့ဂလောက် နိုင်ငံခြားမှာ သွားအလုပ်လုပ် နေတဲ့သူတွေ များတာပါဗျာ။)

အဲ့လိုဆိုတော့က အခုလို အင်တာနက် နယ်ပယ်မှာ ကိုယ့်မြို့ ကိုယ့်ရွာက သူတွေ တွေ့ ရတော့ ၀မ်းသာမိတာ အမှန်ပါ။ အဲ့လိုနဲ့ ကိုယ့်မြို့ ကိုယ့်ရွာက လူတွေ စုစည်းမိရင်ကောင်းမှာပဲ ဆိုပြီး Ning မှာ ဆိုရှယ် ဆိုဒ် ၁ ခု ကိုလုပ်ဖြစ်ခဲ့တာပါ။ အစပိုင်းမှာ ဒီလောက်အထိ အောင်မြင်မယ်လို့ မထင်မိဘူး။ နောက် တော့လူက တော်တော်များလာတယ်။ အဲ့ဒါကြောင့် တော်တော်လေး ၀မ်းသာမိပါတယ်။ နောက်ပြီး အမလင်းမိုးခင်တို့ လိုမျိုး ကျောက်ပန်းတောင်း မြို့ လေးက မဟုတ်ပေမဲ့ စာတွေ ကဗျာတွေ ရေးတဲ့ သူတွေ တွေရတော့ အရမ်းဝမ်းသာမိပါတယ်။ အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေဗျာ။ နောက် စာပေ ချစ်သူတွေ အတွက် အွန်လိုင်းစာအုပ်စင်လေး တစ်ခုလည်း ဖွင့်လစ်ပြီးပါပြီ ခင်ဗျာ။ http://sagarwarmyae.net/ ဒီနေရာလေးကနေ လာလည်နိုင်ပါ တယ်ခင်ဗျာ။
အကိုဆန်းဝင်းက တဂ် လာလို့ ရေးလိုက်ရပေမဲ့ စာအရေးအသားတွေ မှားယွင်းခဲ့ရင် အသင်းက ညီအကို မောင်နှမတွေ နားလည်ပေးဖို့  တောင်းပန်လို ပါတယ် ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Posted by YEPHYO on 10:43 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ကျွန်တော်နှင့်ကျောက်ပန်းတောင်းအသင်း"

Leave a reply