အညာဒေသပေါက်တဲ့ ကန္တာရပင်

| |

ကန္တာရပင် က အလေ့ကျ ပေါက်ပင်ပါ။ ဘာသုံးဝင်လဲ မေးရင် မဖြေတတ်ပါဘူး။ အညာဒေသ ချောက်တောကုန်းများ လွင်တီးခေါင်ပြင်များ နေရာ အတော်များများ မှာ ပေါက်ပါတယ်။ သိတဲ့အတိုင်း နွေကာလများ ဆို အညာဒေသရှုခင်းက ခြောက်သွေပြီး မြေပြင် တွေက ပက်ကြားအပ်တွေနဲ့ပေါ့။ မိုးကာလက စိမ်းလန်းစိုပြည်တဲ့ သစ်ပင်တွေ နွေလဲရောက်ရော ရိုးတံကြဲကြဲ။ နွေနေပူပူ နဲ့ ရေငတ် တဲ့ဒဏ် ခံနေရရှာတယ်။

ကန္တာရပင်ကြတော့ တမျိုးထူးဆန်းလို့။ သူ့ကျတော့ နွေကာလ မှာ အရွက် စိမ်းစိမ်းတွေနဲ့ ရှင်သန်နိုင်တယ်။ ကန္တာရပင်က မြေပေါ်မှာ ရှိတဲ့ ပင်ဆီထက် မြေထဲက အမြစ်က ပိုရှည်မလားထင်ရတယ်။ အပင်ငယ်လေးကို နှုတ်ကြည့်ဖူးတယ်။ အပင်ငယ် အပင်ကြီးတွေအကုန် နွေမှာ စိမ်းစိုတယ်။ အသီးက ဆိတ်အရမ်းကြိုက်တယ်။ ဘာပဲပြောပြော ဒီ ကန္တာရပင် ဟာ အညာဒေသ သဘာဝ မြေဆီကို ထိန်းသိမ်းရာမှာ အထောက်ကူ ပြုတယ်။ လူကိုလဲ အကျိုးသိပ်မပြုဘူး ဒီအပင်တွေ မထားရဘူး လို့တော့ မလုပ်သင့်ဘူး။ ကန္တာရပင်က တိုက်ရိုက် အကျိုးမပြုတောင် သွယ်ဝိုက်သော နည်းဖြင့်တော့ အကျိုးရှိစေမှာပါ။

စာရေးဆရာ ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း (အသည်းအထူးကု) က ကန္တာရပင် အကြောင်း ရေးဖူးတယ်။ ဆက်လက်ဖတ်ကြည့်ကြပါ ခင်ဗျာ။



အညာနဲ့ ကန္တာရပင်
ကုန်းကြီးရွာကနေ (၁)နာရီကျော်ကျော်လောက်လောက် မောင်းလိုက်တော့ ကျွန်တော်တို့ လှည်းတွေဟာ တောင်ဘိုရွာအစပ်ကို ရောက်လာပါပြီ။ အညာကရွာတွေမှာ ရွာပတ်လည် ခြံစည်းရိုး ရှိပါတယ်။ ကန္တာရကိုင်းတွေ ဆူးတွေနဲ့ယှက်ပြီး အုံထားတဲ့ ခြံစည်းရိုးအထူကြီးပါ။ ကန္တရဆူးတွေဟာ ခွေးတောင် တိုးမပေါက်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ အညာမိတ္ထီလာ၊ သဲတော၊ ဝမ်းတွင်းတစ်ဝိုက် မှာ ကန္တာရပင်ဆိုတာ သိပ်ပေါပါတယ်။ အခက်တွေအလက်တွေမှာ ဆူးတွေနဲ့၊ ကန္တာရအသီးတွေက ကုက္ကိုသီးဆန်ဆန် အတောင့်လိုက်တွေ။ အဲဒီ အသီးတွေကို နွားစာကျွေးလို့ရပါတယ်။ ကန္တာရပင်တွေဟာ အုံလိုက်ကြီးတွေပေါက်ပြီးတော့ ပင်စည်တွေက ခပ်သေးသေးလေးတွေ၊ အကြီးဆုံး အတုတ်ဆုံးက လုံးပတ် ငါးလက်မလောက်ပဲရှိတာ။ အခက်တွေအလက်တွေနဲ့ အုံလိုက်ကြီး အရိပ်လည်း ရတယ်။ ဒါပေမယ့် သူ့ကိုင်းတိုင်းမှာ ဆူးတွေအပြည့်နဲ့ပါ။ ကိုင်းတွေကို ခုတ်လိုက်တိုင်း ကိုင်းသစ်တွေ ချက်ခြင်း ထပ်ထွက်တယ်။ တော်တော်ကို ထူပေဒဏ်ပေခံနိုင်တဲ့ အပင်တွေ။ သဲပြင်ဟင်းလင်း ခြစ်ခြစ်တောက်ပူနေတဲ့ နေရာတွေမှာလည်း ပေါက်တယ်။ အညာမှာ အရင်တုန်းက ထနောင်းပင်ဟာ နေရာတိုင်းရှိပေမယ့်လို့ (၁၉၅၆)ခုနှစ် နောက်ပိုင်းလောက်ရောက်တော့ အညာက လွင်တီး ခေါင်ပြင်တွေမှာ ကန္တာရပင်တွေ နေရာတိုင်းလို ပျံ့ပွားမင်းမူကြီးစိုးလာတယ်လို့ မှတ်သားခဲ့ရပါတယ်။ ကန္တာရသီးတွေကို နွားတွေကစား၊ နွားချေးပါတဲ့နေရာတိုင်းမှာ ကန္တာရအစေ့တွေ ပျံ့၊ အပင်တွေပေါက်နဲ့ ထိန်းမနိုင် သိမ်းမရအောင်ကို အညာတစ်ခွင်မှာ ပျံ့သွားတဲ့ ကန္တာရပင်တွေပါ။ အဲဒီအပင်တွေကို ကျွန်တော်တို့က ကန္တာရပင်ခေါ်တာ မှန်သလား မှားသလားတော့ မသိပါ။ ဒါပေမယ့် ကျွန်တော်တို့ ဝမ်းတွင်းနယ် တစ်နယ်လုံးကတော့ အဲလိုပဲ ခေါ်ကြပါတယ်။ ကျွန်တော်တို့ အငယ်က ကြားဖူးတာကတော့ ကန္တာရပင်ဆိုတာ မြန်မာပြည်ရဲ့ မူလဇာစ်မြစ်ရှိတဲ့ အပင် အမျိုးအစား မဟုတ်ဘူးတဲ့။ (၁၉၅ဝ)ခုနှစ် နောက်ပိုင်းမှာ အစ္စရေးနိုင်ငံကနေ မြန်မာပြည်ထဲကို စသွင်းပြီး မြန်မာပြည်မှာ ပျံ့ပွားလာတာတဲ့။ ဟုတ် မဟုတ်တော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အရပ်မှာတော့ ကန္တာရပင်တွေကို ဘယ်မှာမဆို တွေ့နိုင်ပါတယ်။ ဘာပင်မှ စိုက်လို့မရတဲ့ မိုးခေါင်ရေရှား ဒေသမှာတော့ ကန္တာရပင်တွေဟာ တော်တော်လေးကို အသုံးဝင်ပါတယ်။ ခုနကပြောသလို ကန္တာရပင်တွေဟာ ဒေါင်ကျကျ ပြားကျကျ တွေ့တဲ့နေရာမှာ ရှင်တာပါ။ ရေရှိစရာလည်း မလို၊ အပူချိန် (၁၁ဝ) ဒီဂရီလောက် ခြစ်ခြစ်တောက် ပူနေတဲ့ အညာနေအောက်မှာလည်း စိမ်းလန်းစိုပြေနေတာပဲ။ ကန္တာရပင်တွေမှာ အရွက်ကြွေတယ်၊ အရွက်ခြောက်တယ် ဆိုတာမရှိဘူး။ အမြဲတမ်းပဲ နှစ်ပေါက် စိမ်းနေပြီး အရွက်တွေနဲ့ ဝေဆာအုပ်ဆိုင်းနေတာပါ။ ပြီးတော့ ကန္တာရပင်တွေဟာ ကြီးတာ သိပ်မြန်ပါ တယ်။ တစ်နှစ်လောက် ဆိုရင် လူတစ်ရပ်လောက်အထိ ထိုးတက်သွားပြီ။ ကန္တာရပင် အသုံးကျတာတွေ ကို ပြောရမယ်ဆိုရင်တော့ အသီးတွေက နွားကျွေးလို့ ရတယ်။  ဆိတ်တွေက ကန္တာရဆူးတွေရဲ့ အန္တရာယ်ကို ဖယ်ပြီး ခပ်နိမ့်နိမ့်ကန္တာရကိုင်းတွေက အရွက်တွေကို စားတယ်။ တကယ်လို့ ကန္တာရကိုင်းလေးတွေဟာ မမီတမီဆိုရင် ဆိတ်လေးတွေဟာ ဒူးထောက်ပြီး မြင်းတွေ ပတတ်ရပ်သလို ရပ်ပြီး လှမ်းစားတယ်။ ကန္တာရပင်တွေရဲ့ အသုံးအဝင်ဆုံးကို ပြောရမယ်ဆိုရင် လောင်စာ ထင်း၊ မီးသွေး၊ ရှားပါးတဲ့ အညာဒေသမှာ ကန္တာရ ကိုင်းခြောက်တွေဟာ တကယ့်ကို အသုံးဝင်တဲ့ မီးဖိုချောင်မှာ သုံးရတဲ့ ထင်းတွေပါ။ ကန္တာရကိုင်းတွေရဲ့ မကောင်းတဲ့ အချက်ကတော့ ကြောက်စရာကောင်းတဲ့ ဆူးတွေပါ။ ကျွန်တော်တို့ အညာမှာ ကန္တာရဆူးကို သိပ်ကြောက်ကြတယ်။ ကန္တာရဆူး စူးမိရင် အဆိပ်ပြင်းတယ်။ အနာတော်တော်နဲ့ မကျက်လွယ်ဘူးလို့ ယူဆကြတယ်။ ကန္တာရပင်တွေအောက်ကို သွားရင် ဆူးမစူးအောင် အထူး ဂá€
›á€¯á€…ိုက်ရပါတယ်။ ခုတ်ထားတဲ့ အကိုင်းခြောက်တွေက ဆူးတွေကို ကြောက်ရလွန်းလို့တော်တော်ကို သတိထားပြီး ရှောင်ရပါတယ်။ အညာမှာ ကန္တာရ ထင်းစုတဲ့နည်းကို ပြောချင်ပါသေးတယ်။ လှည်းတစ်စီးနဲ့ ရွာအပြင်ဘက် ကန္တာရတောကို သွား၊ ကန္တာရကိုင်းတွေကို တစ်ပုံကြီးခုတ်၊ ထွန်ခြစ်နဲ့စု၊ ခက်ရင်းဂွနဲ့ထိုးပြီး လှည်းပေါ်ကို အမောက်အလျှံကြီး ကော်တင်လာပြီး ကိုယ့်အိမ်က ခြံထဲမှာ အဲဒီကိုင်းတွေကို ခြောက်သွားအောင် ပုံပြီးနေလှန်းထားလိုက်တယ်။ အရွက်တွေကြွေပြီး အကိုင်းတွေ အစိုဓါတ်ပျောက် ခြောက်ပြီဆိုမှ ဓါးနဲ့ အနေတော်လေးတွေခုတ်ပြီး ထင်းဆိုက်ဖို့ သုံးကြတာပါ။ ဆိတ်ရှိတဲ့အိမ်တွေမှာတော့ ခပ်နုနုကန္တာရကိုင်းတွေကို ဆိတ်စာ အရင် ကျွေးလိုက်သေးတယ်။ ကန္တာရကိုင်းတွေကို ထင်းအနေနဲ့သုံးတာအပြင် ခြံစည်းရိုးလည်း ခတ်ကြတယ်။ တောင်ဘိုရွာက အိမ်တော်တော်များများမှာ ကန္တာရကိုင်းတွေကိုအထပ်ထပ်စုပုံ သုံးပြီး လုပ်ထားတဲ့ ခြံစည်းရိုးတွေကို တွေ့ရမှာပါ။ ပိုက်ဆံနည်းနည်းတတ်နိုင်တဲ့ သူတွေကသာ ဝါးကပ်နဲ့ ခြံစည်းရိုး ခတ်နိုင်တာပါ။ တစ်ရွာလုံးမှာ သူကြီးအိမ်လို တတ်နိုင်တဲ့အိမ် တစ်အိမ်၊ နှစ်အိမ်လောက်ကပဲ နှစ်တစ်ပျဉ်သစ်သားချောင်းတွေနဲ့ ခြံစည်းရိုးခတ်နိုင်ပါတယ်။ နောက်ပြီး ကန္တာရပင်အကြောင်း ထပ်ပြောရမယ်ဆိုရင် ရွာထဲက တချို့အိမ်တွေမှာ ခြံစည်းရိုးပတ်လည်ကို ကန္တာရပင်တွေစိုက်တယ်။ ပြီးတော့ အပင်ကြီး ရှည်တက်မသွား အောင် ခုတ်ထားတယ်။ အဲတော့ ကန္တာရကိုင်းတွေဟာ ဘေးကို ဖြာထွက်ပြီး ဆူးတွေနဲ့ ပိတ်နေတဲ့ ခြံစည်းရိုးကြီးဖြစ်သွားတာပေါ့။ ဒါကြောင့် ခွေးတောင် တိုးမပေါက်ဘူးလို့ ပြောတာပါ။ ကြုံတုန်း ရွာက ခြံစည်းရိုးတွေထဲမှာ ထူးတာတစ်ခုထပ်ပြောရရင် တချို့အိမ်တွေက ဝိုင်းကွက်ပတ်ချာလည် မကျည်းပင် တွေ စိပ်အောင်စိုက်ပြီး ခြံစည်းရိုးလုပ်ပါတယ်။ မကျည်းပင်လေးတွေကို အပေါ်မတက်အောင် ခုတ်ထားတော့ မကျည်းပင်ပုလေးတွေ ဖြစ်နေတာပေါ့။ အရွက်တွေ ခူးလိုက်တိုင်း မကျည်းရွက်နုတွေ ထွက်ပါတယ်။ တစ်နှစ်ပတ်လုံး မကျည်းရွက်သုတ်၊ မကျည်းရွက်ချဉ်ရည်၊ မကျည်းရွက် အချဉ်တည် မျိုးစုံလုပ်စားကြတော့တာပေါ့။ ဒါဟာ အညာ ခြံစည်းရိုးစနစ်တစ်ခုပါ။ အညာက ရွာတွေမှာ ကန္တာရပင်၊ မကျည်းပင်နဲ့ ခြံစည်းရိုး လုပ်သလိုပဲ တစောင်းလက်ပတ်၊ မရိုးပင်၊ ရှားစောင်းပင်ဆိုတဲ့ အညာမှာပေါက်တဲ့ အပင်မျိုးစုံကိုလည်း ခြံဝိုင်း ပတ်လည် စိုက်ကြပါသေးတယ်။ ခြံစည်းရိုးအကွယ်အကာလည်းဖြစ်၊ ဟင်းစားလည်းရတဲ့ အညာက ခြံစည်းရိုးတွေပါ။  အောက်ပြည်အောက်ရွာ ကျွန်တော့်ရဲ့ မှော်ဘီခြံနားမှာ တွေ့ရတဲ့ ခြံစည်းရိုးကတော့ ဆူးပုပ်ပင်တွေကို တန်းစီစိုက်ထားပါတယ်။ ဆူးပုပ်ကိုင်းတွေကလည်း ကန္တာရပင်လောက် မပိတ်ပေမယ့် တော်တော်လေးကို ဝိုင်းလုံပါတယ်။ ပြီးတော့ မီးဖိုချောင်အတွက် ဆူးပုပ်ရွက်လည်း မပြတ်တော့ဘူး။ အညာမှာတော့ ဆူးပုပ်ပင်ကို အဲလောက် လွယ်လွယ်စိုက်လို့ မရပါဘူး။ ဘာမှ ဂရုစိုက်စရာမလိုဘဲ ပစ်ထားလို့ ရတာကတော့ ကန္တာရပင်ဖြစ်နေတော့ ကန္တာရပင်တွေပဲ စိုက်ကြပါတယ်။ ကန္တာရပင်တွေအကြောင်းကို ဒီလောက်တောင် အကျယ်ချဲ့ပြီး ရေးနေတဲ့အကြောင်းကတော့ မိတ္ထီလာ သဲတော၊ ဝမ်းတွင်း ပတ်ဝန်းကျင်မြင်ကွင်း သရုပ်ဖော်ရင် ကန္တာရပင်ဟာ မပါမဖြစ်အထင်ကရ အပင်တစ်မျိုးဖြစ်နေလို့ပါ။ ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ (၁၉၅၈)ခုနှစ် ပတ်ဝန်းကျင် အညာဒေသရဲ့ လူနေမှုစရိုက်၊ အညာဓလေ့ ပတ်ဝန်းကျင်တွေကို မှတ်တမ်းတင်နေတဲ့သဘောနဲ့ အညာတောရွာတွေမှာ တွေ့ရတဲ့ မြင်ရတဲ့ဟာမှန်သမျှကို မှတ်မိသရွေ့ ပြန်ပြောနေတာဆိုတော့ ကန္တာရပင်အကြောင်းက မပါမဖြစ်ပါ။

ဒေါက်တာ ခင်မောင်ဝင်း (အသည်းအထူးကု) သရဖူ မဂ္ဂဇင်း။

Posted by YEPHYO on 6:38 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "အညာဒေသပေါက်တဲ့ ကန္တာရပင်"

Leave a reply