ဝီကီပီးဒီးယား တည်ထောင်သူရဲ့ ရင်တွင်းစကား

| |

အရင်ဆုံး ကိုယ့်ဟာကိုယ် မိတ်ဆက် ပါရစေ။ ကျနော်တို့ နှစ်ဦးက ကမ္ဘာ့ အကြီးမားဆုံး တံခါးဖွင့် မီဒီယာ ပလက်ဖောင်း နှစ်ခု ဖြစ်တဲ့ Wikipedia နဲ့ Connexions ကို တည် ထောင် သူများ ဖြစ်ပါတယ်။

ဒီနှစ်ခုကို စလုပ် တုန်းက ကျနော် တို့ကို အတော့်ကို ကြောင်စီစီ နိုင်တဲ့ ကောင်တွေ လို့ ၀ိုင်းလှောင် ခဲ့ကြပါတယ်။ ၀န်ခံရရင် ကျနော် တို့ကလည်း ကိုယ့်စိတ်ကူး အိုင်ဒီယာ တွေနဲ့ကိုယ် ရူးနေကြသူတွေမို့ တုန့်ပြန် မနေအားပါဘူး။ လူတိုင်း လွတ်လပ်ပွင့်လင်းစွာ သင်ယူနိုင်မယ့်၊ အသိပညာ ရင်းမြစ်တွေကို အခမဲ့ အသင့်ခူးခပ်စားသုံးလို့ ရနိုင်မယ့် `၀က်ဘ် ပလက်ဖောင်း တခု´ ဖန်ဆင်းဖို့ စိတ်ကူးတွေနဲ့ မွှန်ထူနေချိန်ပေါ့။


မကြာပါဘူး။ ကျနော် ဂျင်မီ (Jemmy Wales) က `Wikipedia´အွန်လိုင်း စွယ်စုံ ကြမ်းကြီးကို ဖန်ဆင်း လုပ်ဆောင်ရင်း ပေါ်ပြူလာ ဖြစ်လာတယ်။ ရစ်ချဒ် (Richard Baraniuk) က စာရေး ဆရာတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသားများ အတွက် ပညာရပ် ဆိုင်ရာတွေ၊ သင်ရိုးတွေ၊ ပြဌာန်း စာအုပ်တွေ အခမဲ့ ရှယ်ယာ ပေးနိုင်မယ့် `Connexions´ ၀က်ဘ် ပလက်ဖောင်း တခု ဖွံ့ဖြိုးအောင် လုပ်ပါတယ်။

အစက ကျနော်တို့ အိပ်မက် တွေကို လူတိုင်း နီးနီး ပယ်ချခဲ့တာပါ။ အခုတော့ အားပေး ထောက်ခံမှု တွေက ကမ္ဘာနဲ့ မဆန့်အောင်ပါ။ နိုဘယ် ဆုရှင်ကြီး တွေကနေ အရှေ့တီမောရဲ့ စာသင်ကျောင်းလေးတွေက ကလေး ပုစိ ညှောက်တောက် အထိ။ Wikipedia နဲ့ Connexions  ဟာ ကမ္ဘာ တခွင်လုံး မချိမဆန့်ကို ပျံ့နှံ့နေပါတယ်။ ဒီ ၀က်ဘ် ပလက်ဖောင်း နှစ်ခုဟာ အင်ဖော် မေးရှင်း ဒေတာတွေ များသထက်များ အသက်ဝင်လာပြီး၊ လူ သန်း ရာပေါင်းများစွာ နေ့စဉ် ပါဝင်အသုံး ပြုနေတဲ့ ၀က်ဘ် ဖြစ်လာပါတော့တယ်။

ကျနော်တို့ အိပ်မက်၊ ကျနော်တို့ ရောဂါကို ခင်ဗျား တို့ကိုလည်း ကူးစက် စေချင်တယ်။ ကမ္ဘာ့ ပညာရေး တခွင် တပြင်လုံး ပြောင်းလဲ ပစ်ဖို့ရာမှာ၊ အလားအလာ အကောင်းဆုံး ဖြစ်တဲ့ လှုပ်ရှားမှု အသစ်မှာ လူတိုင်းကို တစိတ် တပိုင်း ပါဝင် နေစေ ချင်ပါတယ်။ အသိပညာကို ဘယ်လို ဖန်ဆင်း ကြမယ်၊ ဘယ်လို အသုံးပြု ရမယ် ဆိုတာ အမြဲ `ဖွင့်ဆို ပြန်သ´ ပေးနိုင်မယ့် လှုပ်ရှားမှု အသစ်မို့  ခင်ဗျားတို့ကို လက်တွဲ ပါဝင်စေချင်တာပါ။

ကနေ့ တက္ကသိုလ် ကောလိပ် တချို့က ကျောင်းသား တွေဟာ သူတို့ ပြဌာန်း စာအုပ် တွေရဲ့ ကုန်ကျ စရိတ်က ကျုရှင်ဈေးထက်တောင် ကြီးလွန်းလို့ ကျောင်းထွက် သွားကြ ရပါတယ်။ တချို့ အထက်တန်း ကျောင်းများမှာလည်း သင်္ချာပုံနှိပ် စာအုပ်တွေ မလောက်ငှတာ ဈေးကြီးတာတွေကြောင့် ရှယ်ယာလုပ် ကြည့်ကြ ဖတ်ကြရပါတယ်။

ဒါပေမဲ့ မိတ်ဆွေတို့ တဆိတ်လောက် စဉ်းစားကြည့်ပါ။ ပြဌာန်းစာအုပ်တွေ၊ အခြား သင်ကြားရေး ဆိုင်ရာ ပညာရပ်တွေနဲ့ ပို့ချမှုတွေကို လူတိုင်းအတွက် ၀က်ဘ် ကနေ အခမဲ့ ရနိုင်မယ့်၊ ဈေးနှုန်း ချိုချိုနဲ့ ပရင့်ကော်ပီ ထုတ်ယူလို့ ရနိုင်မယ့် ကမ္ဘာကြီး အကြောင်း တွေးကြည့်လိုက်စမ်းပါ။

ဟုတ်ပါတယ်။ ကနေ့အထိ  ကလေးတွေ သူတို့ အိမ်စာလုပ်ဖို့အတွက် ဘာသာစကားက အဟန့်အတား ဖြစ်နေတုန်းပါပဲ။ သူတို့ ကျောင်းပုံနှိပ်စာအုပ် အများစုက အင်္ဂလိပ်စာ နဲ့ ရေးထားတာကိုး။ သို့သော် ကျောင်း ပြဌာန်း စာအုပ်တွေကို သင်ကြားနည်း စတိုင်ပေါင်းစုံ၊ ဘာသာ စကားမျိုးစုံနဲ့ ရှင်းလင်းတင်ပြပေးနိုင်မယ့် ကမ္ဘာကြီး အကြောင်း ဒီက မိတ်ဆွေတို့ စဉ်းစားကြည့်စမ်းပါ။

ယနေ့ထိ ပလူတို ဂြိုလ်လေးဟာ နေမိသားစု(solar system) စာရင်းထဲမှာ ပါဝင်တာကို သိပ္ပံ ကျောင်းသုံး စာအုပ်တိုင်းက ဖော်ပြ နေသေးတယ်။ ဒါပေမဲ့ ကနေ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိမှု အရ ပလူတိုဟာ နေမိသားစု အပြင်ဘက် ရောက်သွားခဲ့ပြီ။ ပလူတိုကို ကျောင်းပုံနှိပ် စာအုပ်ထဲက ဆွဲထုတ်ဖို့ အတော့်ကို နှစ်ကြာကြာ အချိန်ယူကြရပါဦးမယ်။ ဒါပေမဲ့ ကျောင်း ပြဌာန်း စာတွေကို နေ့စဉ် ခေတ်မှီ (update) နေအောင်၊ အမြဲ အသစ်အသစ် ဖြစ်အောင် အမှား ဖြည့်စွက် တည့်ပေးနေမယ့် ကမ္ဘာကြီး အကြောင်း ကိုယ့်လူတို့ စဉ်းစားကြည့်စမ်းပါ။

အခု ပြောနေတဲ့ ကမ္ဘာကြီးမျိုးကို လွန်ခဲ့တဲ့ ဆယ်စုနှစ်က စိတ်ကူး အိပ်မက် မက်ကြည့်ရုံပဲ တတ်နိုင်ခဲ့တာ။ နို့ပေမဲ့ အခုတော့ တံခါးဖွင့် ပညာရေး လှုပ်ရှားမှုက  ပဉ္စလက် ဆန်ဆန် လာနေပါပြီ။ ဘယ်သူမဆို သင်ရိုးညွှန်းတမ်း၊ ပြဌာန်းချက် အွန်လိုင်းပေါ် တက်ရေးနိုင်တယ်။ ကိုယ့် ကိုယ်ပိုင် စာတွေ ကိုယ့်ဘာသာ ပုံနှိပ်ဖြန့်ချီနိုင်တယ်။ အွန်လိုင်း တံခါးဖွင့် တရားဝင် လိုင်စင်က လူတိုင်း အသုံးချနိုင်ဖို့ အထောက်အကူပြု ပညာရပ်တွေ ပုံအောချပေးနေတယ်။ XML စနစ်တို့၊ လိုအပ်သလောက် ပရင့်ထုတ်ယူနိုင်မှု တို့လို နည်းပညာတွေကတဆင့် လွယ်ကူ ဈေးသက်သာစွာနဲ့ ပညာရပ်တွေ ပုံအောပေးနေပါတယ်။

တံခါးဖွင့် ပညာရေး လှုပ်ရှားမှုက ပညာရေးဆိုင်ရာ ပုံနှိပ် ထုတ်ဝေရေးလုပ်ငန်း (educational publishing industry) အသစ်တွေ တိုးတက် ဖြစ်ထွန်းမှုကို ကိုယ်စား ပြုပါတယ်။ ဒါဟာ ဆော့ဖ်ဝဲယား လုပ်ငန်း ဆင့်ကဲ တိုးတက်လာမှုနဲ့ အပြိုင်ပါပဲ။ တေးဂီတတွေ ဒေါင်းလုပ် လုပ်နိုင်တာနဲ့ အပြိုင် ဖြစ်လာတာ။ အမေရိကန် ကျန်းမားရေးဌာနက တနှစ် ၂၈.၉ဘီလီယံ အကုန်ကျခံထားတဲ့ သုတေသန ပညာရပ်လုပ်ငန်းတွေကို မည်သူမဆို ၀င်ရောက်ကြည့်နိုင် ကူးယူနိုင်တာနဲ့ အပြိုင်ဖြစ်ထွန်း လာတာပါပဲ။

အခု ပြောနေတဲ့ တံခါးဖွင့် ပညာရေးမှာ အခမဲ့ ပါဝင်နိုင်မှုက အစတကာရဲ့ အစ မျှသာ ရှိပါသေးတယ်။ တံခါးဖွင့် ပညာရေးဟာ လက်ရှိ သုံးနေရတဲ့ ပုံနှိပ်စာအုပ် ထုတ်လုပ်မှုအတွက်  မလိုအပ်ဘဲ မထုတ်ဖြစ်အောင်၊ အထပ်ထပ်အခါခါ အွန်လိုင်း ပေါ်မှာပဲ ပြင်ဆင်ပြီး အသုံးပြုပြီး ဖြစ်အောင် ဆောင်ရွက် ပေးနိုင်ပါတယ်။ တံခါးဖွင့် ပညာရေး စနစ်က တစ်ဦးချင်း လိုအပ်ချက်နဲ့ ကိုက်ညီမယ့် သင်ကြားမှု အတွက်ပြင်ဆင် ပေးနိုင်ပါတယ်။ ပြဌာန်းချက်ဘွတ်အုပ်တစ်အုပ်ကို နှစ်အစိတ်လောက် သုံးနေကြတဲ့ခေတ်က နှစ်ဆယ်ရာစုထဲမှာ ထားခဲ့ရပြီဒ

တံခါးဖွင့် ပညာရေး စနစ်က ကမ္ဘာတလွှားက ကျောင်းသားတွေ ဆရာတွေ အကြား အပြန်အလှန် တုံ့ပြန် ပူးပေါင်းဆောင်ရွက်မှု လူမှု့နည်းနာ အသစ်တွေ သယ်ဆောင်ပေးပါတယ်။ ချက်ချင်း တုန့်ပြန်မှုတွေ (feedback) အတွက် အခွင့်အလမ်းတွေ ရှိလာပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က တံခါးဖွင့် ပညာရေးအတွက် အိုင်ဒီယာသစ် နည်းနာသစ်တွေ ရရှိနိုင်ဖို့ တောင်အာဖရိကနိုင်ငံ Cape Town မှာ ပညာရှင် ကိုယ်စားလှယ် ပေါင်းစုံနဲ့ တွေ့ဆုံ ဆွေးနွေး ဖြစ်ခဲ့ ကြပါတယ်။ တံခါးဖွင့်ပညာရေး အတွက် `ကိပ် တောင်း ကြေငြာချက်´ ကို တရားဝင် ထုတ်ပြန် နိုင်ခဲ့ပါတယ်။

အဲဒီ့မှာ ဖော်ပြခဲ့တာက “လူတိုင်းမှာ သင်စရာ တစုံတရာ ရှိရမယ်၊ လူတိုင်းမှာ သင်ယူစရာ တစုံတရာ ရှိရမယ်။ ကမ္ဘာကြီး အတွက် အသိပညာ ဖွံဖြိုးနိုင်၊ ဖြန့်ဖြူးနိုင်၊ အသုံးပြုနိုင်မယ့် လမ်းကြောင်း အသစ်တွေ ပြောင်းလဲဖို့ အတူတကွ ကျနော်တို့ လုပ်ဆောင်ကြမယ်။ တံခါးဖွင့် ပညာရေး အိပ်မက်တွေကို လက်တွေ့ဖြစ်အောင် အတူတကွ လက်တွဲဆောင်ရွက်ကြပါစို့"  ဆိုတဲ့ တ့ခါးဖွင့် ပညာတော်လှန်ရေး ကြွေးကြော်သံ ပါပဲ။ ဒီ မက်ဆေ့ခ်ျကို မိတ်ဆွေတို့ထံ မျှဝေလိုက်ရပါတယ်။

ရဲနွယ်မိုး  http://www.maukkha.org/

Posted by YEPHYO on 5:57 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "၀ီကီပီးဒီးယား တည်ထောင်သူရဲ့ ရင်တွင်းစကား"

Leave a reply