အမှောင်ခွင်း၍ အလင်းဆောင်အံ့

ကျွန်တော် ငယ်စဉ်ကတည်းက အားလပ်သော အချိန်များတွင် စာဖတ်ခြင်းဖြင့် အချိန်ကုန်စေ၏။ နွေကာလများတွင် ရွာဓလေ့အတိုင်း တောပစ်၊ ကြက်တိုက်၊ အာဝါဒေးပွဲများသို့ မရောက်ဖြစ်ခဲ့။ အဘိုး၏ တရားစာအုပ် ပုံတိုပတ်စ အကုန် ဖတ်ဖြစ်သည်။ ငါးပိ ငါးခြောက်ထုတ်သော သတင်းစာကအစ ဖတ်သည်။ အတန်းကြီး အတန်းငယ် သင်ခန်းစာ စာအုပ် အကုန်ဖတ်သည်။ ရွာမှ အတန်းကြီး အကိုအမ များထံမှ စာအုပ် (ရုပ်ပြ ကာတွန်း ဝတ္ထု) များငှားကာ ဖတ်ဖြစ်သည်။ စာဖတ်များလွန်း၍ ကောင်းတာရှိသည် မကောင်းတာလဲ ရှိသည်။ မည်သည့်စာပေကို ဖတ်သင့်သည် လမ်းညွန်ပေးမည့်သူမရှိ။

ယခုအရွယ်မှ ပြန်လည်စဉ်းစားမိသောအခါ မကောင်းသည့်အချက်ကိုတွေ့ ရသည်။ ဖတ်စရာမရှိ- ရှိတာဖတ်သော ကျွန်တော် အချစ်ဝတ္တု စာအုပ်များနှင့် ရင်းနီးခဲ့သည်။ ဖတ်ပါများလာသောအခါ ဝါသနာထုံလာသလို အချစ်ဝတ္တု ဇာတ်ကောင်များ၏ စိတ်များကူးစက်ခြင်း မသိမသာ ခံလာရသည်။ ယခုမူ ရသစာပေ အချစ်ဝတ္တု (အဆိပ်စာပေ) ကို မုန်းတီးမိလာသည်။ အကယ်၍သာ ငယ်စဉ်အချိန် စာဖတ်ချင်စိတ်များသော အရွယ်က လမ်းကြောင်းမှန်ဖြင့် နည်းပညာ စာအုပ်များ လက်တကမ်းတွင် ရှိခဲ့ပါမူ။

စာဖတ်ဝါသနာပါလာ၏။ သို့သော် ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒသမတန်း တက်ရောက်ခဲ့စဉ် အချိန်အထိ စာကြည့်တိုက် ဆိုတာ ဘာလဲ ကျွန်တော် နားမလည်ခဲ့ပါ။ ကျောင်းတွင် စာကြည့်တိုက်ရှိသည်ဟု သိသော် လည်း မရောက်ဖြစ်ခဲ့။ တစ်ယောက်တည်းနေ၍ ပတ်ဝန်းကျင်နှင့် အလှမ်းကွာလှသော ကျွန်တော် သည် စာအုပ်စာပေ အလကားရသော နေရကိုမသိခဲ့။ မဖြစ်စလောက် အပိုငွေလေးဖြင့် လင်းဦးတာယာ စာပေ ၊ မျိုးဆက်သစ်စာပေ အစရှိသော ဆိုင်မှားမှ ဝယ်ယူ ဖတ်ရှုခဲ့ရသည်။

ပထမဆုံး စာကြည့်တိုက် အသင်းဝင်ဖြစ်သည်မှာ မကွေးတက္ကသိုလ်တွင် အဝေးသင် နောက်ဆုံးနှစ်တက်ခဲ့စဉ်က နိုင်ငံတော်အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော E-library တွင်ဖြစ်သည်။ စာအုပ်စင် စာကြည့်တိုက်မှ အီလက်ထရောနစ် စာကြည့်တိုက်စနစ်သို့ မြေစမ်း ခရမ်းပြိုးကာလဖြစ်သည်။ စာအုပ်များကို စီဒီ ကူးထားပြီး ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်ရန် စီစဉ်ထားသည်။  အီးမေး အင်တာနက် ဆိုတာ အစာအစာ နာမည်တခုမဟုတ်ဟု ပြည်သူများသို့
စတင် အသိပေးချိန်ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ကျွန်ပျူတာ အသုံးပြု တတ်သူ လက်ချိုး ရေ၍ ရသေးသည်။ (ဆိုလိုသည်မှ ကွန်ပျူတာ သုံးတတ်သူ နည်း၏)။  ယခုလို ၂၀၁၁ နှစ်များတွင် E-library သည် အတော် အသုံးဝင် လိမ့်မည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်မှ စီမံကိန်းများအား မဝေဖန်လိုပြီ။ ပြောစရာကတော့ ရှိနေသေးသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းမှ လမ်းဘေးတွင် ပုံအောထားသော စာပေ အဟောင်းဆိုင်မှ ဝယ်ယူရရှိသော စာကြည့်တိုက် နှင့်ပတ်သက်သည့် စာအုပ်တအုပ် ဖတ်ခဲ့ဖူးသည်။ စာကြည့်တိုက်သည် ကျေးလက် စာကြည့်တိုက်များ မှ မြို့နယ်စာကြည့်တိုက်များ ထိုမှတဆင့် နိုင်ငံတော် အဆင့် စာကြည့်တိုက် အဆင့်သို့ ချိတ်ဆက် တည်ရှိပုံ များပါဝင်သည်။ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ကာ စာအုပ်စာပေ စီးဆင်းခြင်း မြစ်တဆင်း ဖတ်တီးကြရမည်။ (လဲလှယ်ကာ ဖတ်ရှုစေခြင်း)။ ယခုအခါ ကျေးလက်စာကြည့်တိုက် အစီ အစဉ်များဖြင့် စာကြည့်တိုက်များ ဖွင့်လှစ် ပေးနေသည်ကို သတင်းစာများတွင် ဖတ်ရသည်။ ပညာဖြင့် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် အတွက် အုပ်ချုပ်သူ အစိုးရချည်း အားကိုး နေ၍ မဖြစ်ခြေ။ တမျိုးသားလုံးအတွက် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် လူတိုင်း လူတိုင်းတွင် တာဝန်ရှိဟု ကျွန်ုပ်ယူဆသည်။

ဒုတိယအကြိမ် အဝေးရောက် ကျောက်ပန်းတောင်း သူ/သားများ တွေ့ဆုံပွဲတွင် ဇာတိမြေ ကျောက်ပန်းတောင်းမြို့ စာကြည့်တိုက်သို့ စာအုပ်စာပေများ လှူဒါန်းမည် ဟု သိရသည့်အတွက် အထူးပင် ဝမ်းမြောက်မိသည်။ ဒေသတိုင်း ဒေသတိုင်း တပိုင်တနိုင် စာကြည့်တိုက်များ စည်ပင်ဖွင့်ဖြိုးလာလျှင် တမြို့နယ်နှင့် တမြို့နယ် စာကြည့်တိုက် အချင်းချင်း သဘောတူမှုရယူ ချိတ်ဆက်ကာ စာအုပ်များအား မျှဝေ ဖတ်ရှုစေခြင်းဖြင့် ပညာဘဏ်တိုက်ကြီး ဖြစ်လာပေလိမ့်မည်။ သို့ဖြင့် အမှောင်ခွင်း၍ အလင်း ဆောင်ရန် မခက်ခဲ့တော့ပေ။ ထို့ထက်ပိုကာ တွေးရလျှင်ဖြင့် အစိုးရ စာကြည့်တိုက်များ၊ ဒေသတွင်း တပိုင်တနိုင် စာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ၊ ဘာသာရေး စာကြည့်တိုက်များ မှ စာကြည့်တိုက်မှုးများ တွေ့ဆုံညှိနိုင်းကာ စာအုပ်စာပေး စီးဆင်းမှု လွတ်လပ်ခြင်းအား ဖန်တီးကြပါလျှင် အတိုင်းထက်လွန်ဖြစ်တော့၏။

ဝီကီပီဒီယ ဆောင်းပါးအား ဖတ်ရှုကာ ခံစားရေးသားသည်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Posted by YEPHYO on 7:54 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "အမှောင်ခွင်း၍ အလင်းဆောင်အံ့"

Leave a reply