ထန်းသမား ဓားပစ်ပေးသူ
အခန်းထဲမှာ တစ်ယောက်ထည်း ထိုင်ပြီး ပျင်းနေမိသည်။ လုပ်စရာ လုပ်ငန်းတွေ မရှိ၍ မဟုတ်။ အလုပ်တွေက တစ်ပုံတစ်ပင် ရှိနေသည်။ သို့သော်လည်း လုပ်ငန်းများက အချိန်ရွှေ့ရသဖြင့် နေ့ရွှေ့ညရွှေ့လုပ်ရင်း တစ်ယောက်တည်း ထိုင်ပျင်း နေမိခြင်း ဖြစ်သည်။ ကျွန်တော်တွင် အကျင့်ဆိုး တစ်ခု ရှိသည်။ လုပ်ကိုင်ရမည့် လုပ်ငန်းဟူသမျှ အေးအေးလူလူ ပုံမှန် ဆောင်ရွက် သွားလျှင် ရနိုင်သော်လည်း“ ရပါတယ်၊ လွယ်ပါတယ်၊ ကိစ္စမရှိ ပါဘူး”ဆိုသည့် အကြောင်းပြချက် အမျိုးမျိုးနှင့် အချိန်ရွှေ့ ပျင်းရိတတ်သည့် အကျင့် ဖြစ်သည်။ လုပ်ငန်းဟူသမျှ ခပ်ပေါ့ပေါ့ပဲ သဘောထားမိသည်။ အလုပ်ကို ပုံမှန်မလုပ်ဖြစ် အရေးတကြီး ဖြစ်လာမှ၊ နောက်ကနေ အပူတိုက်သလို ဇွတ်အတင်း ဖြစ်လာမှ လုပ်ဆောင်တတ်သည့် အကျင့်သည် ကျွန်တော်ထံပါးတွင် စွဲငြိနေပါတော့သည်။
သို့အတွက်ကြောင့် လုပ်ငန်းဟူသမျှ အလောဆုံးဆယ်ဖြစ်မှ လုပ်တတ် လာပါတော့သည် “အလုပ်ကို ပုံမှန်မလုပ်လျင်မကောင်း။ အရေးတကြီး ပျာယိပျာယာ လုပ်ရသော အလုပ်ဟူသမျှ အမှားမှား အယွင်းယွင်း ဖြစ်တတ်သည်။ စစ်ဆေးချိန် ပြန်လည်ပြုပြင်ချိန် မရသဖြင့် တစ်ပွဲထိုး လုပ်ရသလို ဖြစ်တတ်သည်။ တစ်ပွဲထိုးလုပ်ရသော လုပ်ငန်းများတွင် အားနည်းချက် များစွာရှိသည်”ဟု စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးခဲ့သည်။ သို့အတွက်ကြောင့် ထင်သည် ကျွန်တော်လုပ်သော လုပ်ငန်းဟူသမျှသည် တစ်ပွဲထိုး လုပ်ငန်းများ ဖြစ်နေသည့်အတွက် အမှားနှင့် မကင်းသလို တစ်ခါတည်းနှင့် ပြီးစီးသည်ဟူ၍ မရှိ အနည်းဆုံး နှစ်ခါသုံးခါ ပြုပြင်ပြီးမှ ဆုံးခန်းတိုင် ရောက်လေသည်။
ပြီးစီးသွားသော လုပ်ငန်းတစ်ခုအတွက် နောင်တမရလိုက်သည့် အခါဟူ၍ ကျွန်တော့်တွင် ဘယ်အခါမှ မရှိ။ အမြဲတမ်း စိုးရိမ် ကြောင့်ကြစွာဖြင့်“ဘာမှားမလဲ၊ ဘာလွဲမလဲ၊ ဘာပြင်ရမလဲ ဆိုသည့်အတွေးများက အလုပ်တစ်ခုပြီးတိုင်း စိတ်တထင့်ထင့် ဖြစ်နေရတတ်သည်။ အလုပ်ကို ပုံမှန်လုပ်လေ့လုပ်ထမရှိ ခပ်ပေါ့ပေါ့ သဘောထားတတ်သော အကျင့်ကြောင့် ဖြစ်ပါသည်။ ကျွန်တော် ကျောင်းသားဘ၀က အဖြစ်အပျက် ကလေးတစ်ခုကို သတိရမိသည်။ “နွေဦးကာလ မြူထသောအခါ ကဗျာကို စကားပြေ ရေးခိုင်းမည့်အကြောင်း ဆရာက တစ်တန်းလုံးကို မှာပါသည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး ကဗျာကို အလွတ်ကျက်မှတ် ကြသည် ကဗျာကို အလွတ်ရသည်နှင့် သူငယ်ချင်းတွေက စကားပြေပြန်ပြီး စာအုပ်တွင် ချရေးသည်။
မိမိပြန်ထားသော စကားပြေကိုလည်း အလွတ်ကျက်ကြ ပြန်သည်။ ကျွန်တော်ကတော့ ထိုသို့မဟုတ်“ ကဗျာရလျှင် စကားပြေပြန်လို့ ရသည် ချရေးပြီး ပြန်ကျက်နေစရာမလို ဆရာရေးခိုင်းသည့် အချိန်မှသာ ရေးတော့မည်" ဟု ခပ်ပေါ့ပေါ့ပင် သဘောထားလိုက်မိသည်။ နောက်တစ်ရက်တွင် ဆရာက ကျွန်တော်တို့ အားလုံးကို စကားပြေ ရေးခိုင်းပါတော့သည်။ သူငယ်ချင်းတွေ အားလုံး လွယ်ကူချောမောစွာ ရေးနိုင်ကြသော်လည်း ကျွန်တော့်မှာတော့ ကဗျာကို ဆိုလိုက်၊ စကားပြေချရေးလိုက် ၀ါကျမချော ပြန်ဖျက်လိုက်နှင့် တစ်ယောက်တည်း ခေါင်းချွေး ပြန်နေပါတော့သည်။ သူငယ်ချင်း အားလုံးက ရေးပြီး သွားကြသော်လည်း ကျွန်တော်ကမပြီးသေးပေ။ ကျွန်တော် တစ်ယောက်တည်း ကျန်နေသည်။
နောက်ဆုံးတွင် စောင့်နေသော ဆရာကို အားနာသဖြင့် စကားပြေကို အမြန် အပြီးသတ် လိုက်ရတော့သည်။ ကျွန်တော်တို့ စာအုပ်တွေကို ဆရာက အတန်းရှေ့မှာ ထိုင်ပြီး စစ်နေသည်။ သူငယ်ချင်းတွေကတော့ သူတို့ရေးထားတဲ့ စကားပြေကို စိတ်ချလက်ချ ရှိပုံပေါ်သည်။ စကားပြေနှင့် ပတ်သက်ပြီး တစ်လုံးတစ်ပါဒမှ ပြောသံ မကြားရ။ အမှတ်ခြစ်ပေးနေသည့် ဆရာကိုသာ အကဲခတ် နေကြသည်။ ကျွန်တော်မှာတော့ စိတ်ထဲတွင် ဂဏာမငြိမ် “ဘာများမှားမလဲ”ဘယ်နေရာ ကျော်သွားမလဲ” ပြန်တွေးပြီး ချီတုံချတုံ ဖြစ်နေမိသည်။ နောက်ဆုံးတော့ ကျွန်တော်သတိတစ်ခု ရမိလိုက်သည်။ အဓိက အရာကို ရေးဖို့ ကျွန်တော် မေ့ကျန်ခဲ့သည်။
“နွေဦးကာလ မြူထသောအခါ” ကဗျာတွင်-“ဓားနှီးထက်စွာ၊ ခါးမှာ ချပ်လျက် ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင် ကလိုင်သာ လွယ်လို့ တက်သည်နှင့်လေး။ ”ဆိုသည့် ကဗျာအပိုဒ်လေး ပါသည်။ ကျွန်တော် ရေးလိုက်သော စကားပြေထဲတွင် ထန်းသမား၌ ဓားပါ မသွားချေ။တစ်တန်းလုံး ပြီးစီးနေချိန် တစ်ယောက်တည်း ကျန်နေသည့်အတွက် စိတ်မကြည်မသာနှင့် စောင့်ပေးနေသော ဆရာကို အားနာ၍သာ ထန်းသမားကို ထန်းပင်ပေါ် အမြန်တင်ပေးပြီး စကားပြေကို အဆုံးသတ်လိုက်ရသည် ထန်းသမားခါးတွင်ဓားပါမသွားချေ။ ဓားရေးဖို့ကျွန်တော်မေ့ကျန်ခဲ့သည်။ ရေးဖို့ မေ့ကျန်ခဲ့သော ဓားကို ကျွန်တော် ထပ်ဖြည့် ရေးချင်နေမိသည်။
သို့သော်လည်း ကျွန်တော် စာအုပ်က ဆရာစားပွဲပေါ် ရောက်နေပေပြီ။ စာအုပ် တော်တော်များများကိုလည်း ဆရာ စစ်ပြီးနေပြီ။ ကျွန်တော့်စာအုပ်ကိုတော့ မစစ်ရသေး။ ထို့ကြောင မ၀ံ့မရဲနှင့် ဆရာအနားသွားပြီး ဆရာကို “ထန်းသမား ဓားကျန်သွားလို့ ဓားထည့်ပေးချင်တဲ့ အကြောင်း” ကျွန်တော် ပြောချလိုက်သည်။ ထိုအချိန်က တစ်တန်းလုံးရှေ့တွင် ကျွန်တော်ကို ဆရာပြောလိုက်တဲ့ စကားလေး အခုထိ နားထဲမှာ ကြားယောင်နေဆဲ ဖြစ်ပါသည်။ ဆရာက -“ထန်းသမား ဓားကျန်ခဲ့ရင် အောက်ကနေ ပစ်ပေးလိုက် တဲ့ ကျွန်တော်မှာ ငယ်ငယ်ကတည်းက အလုပ်မှန်သမျှ အချိန်ရှိခိုက် လုံ့လစိုက်ပြီး ပုံမှန် မလုပ်တတ်တဲ့ အကျင့်ခပ်ပေါ့ပေါ့ သဘောထားတတ်တဲ့ အကျင့် ရှိနေခဲ့တာကြောင့် ကျွန်တော် ဆရာပြောသလို ဒီချိန်ထိလည်း ထန်းသမားကိုအောက်ကနေ ဓားပစ်ပေးနေရတုန်းပဲ ရှိနေပါသေးသည်။ မူရင်း = http://news.yatanarpon.com.mm



