ထနောင်းမြေသို့ အပြန်
တမာပင်ညိုတွေ
စီရ ရီထားတဲ့ လမ်းအိုလေးပေါ့
ရွှံ့စိုနေတဲ့ စိတ်တစ်ခုတည်းနဲ့
ကျွန်တော် အိမ်ပြန် လာခဲ့တယ် အမေ။
ထနောင်းရွက်တွေက တဖွဲဖွဲ ကြွေလို့
ညနေညို ရေချိုခပ်ရာ ထိန်ကန်သာကြီးက
ခါးစောင်းကိုင်းကိုင်း မန်ကျည်းပင်တွေ အောက်မှာ ငိုက်မြည်း
အသားမည်းမည်း တောကျီးကန်း နှစ်ကောင်က
အတိတ်တွေကို ဆွဲချီသွားတယ်။
ငယ်ငယ်က စစ်တိုက်တမ်း ကစားခဲ့တဲ့
ထန်းတောကြီး
ခုများတော့ နှစ်တွေကြာ
သူ့ခမျာ အရင်လို မသာယာ နိုင်ရှာတော့ဘူး။
သန်းထွန်းလေးရဲ့သီချင်းထဲကလို
လှည်းလမ်းကြောင်း တစ်လျှောက် ဖုန်လုံးကြီးတွေ
တလိမ့်လိမ့် မတက်ပေမယ့်
အမေ့အိမ် ရှိရာ ပြန်လာရာလမ်း
ကျွန်တော့် အလွမ်းတွေကတော့ တလိမ့်လိမ့် တက်လာတယ် အမေ။
ညအိပ်တေးတွေ တရိပ်ရိပ် ပြေးနေတဲ့
ဟိုး တောင်ယဉ်စွန်းတန်းဆီ မျှော်ငေး
ကျွန်တော် ကလေးဘ၀ကပေါ့။
အမေဟာ...
ကျွန်တော့် လက်ကိုဆွဲ
နေပူကျဲကျဲ အညာမြေရဲ့ဝဲဂယက်ထဲမှာ အနေရဲခဲ့ဖူးတယ်။
လသာသာညများ
ထုပ်ဆီးတိုးတမ်း ကစားခဲ့တဲ့ ငယ်ပေါင်းများ
တစ္ဆေကြီး အလား
ကြီးမားလှတဲ့ ကုက္ကိုပင်ကြီးများ
ကာလဒေသ အစကို
ကျွန်တော် ပြန်ရှာလို့ မရခဲ့ဘူး။
ရှားစောင်း၊ ကသစ်
ထန်း၊ ပုရစ်နဲ့
ပိတ်စွယ်ချဉ်ပေါတဲ့ အရပ်
သူ့ဇာတ်နဲ့သူတော့ လိုက်ဖက်လှပါရဲ့။
ဟိုစဉ်တုန်းအခါများ
ထနောင်းပင်တွေက ညိုညို
ကျွန်တော့်ဆံပင်က တိုတို
မြို့ကြီးပြကြီးမှာ ညိုတဲ့မိုး
ကျွန်တော့်ကို မစိုသေးဘူး။
နီယွန်မီး ရောင်စုံနဲ့
ငွေကြေး အညစ်အထည်းများလည်း
မသိခဲ့ရိုး အမှန်ပေါ့။
လမင်းဖွေးဖွေး
ဘော်ငွေသွေးတဲ့ ညတွေ
အမေ နယ်ကျွေးတဲ့ ထမင်းဖြူ ဆီဆမ်းကို
ရွှေလင်ပန်းကြီးနဲ့တောင်
ကျွန်တော် မလဲနိုင်ခဲ့ဘူး။
အခုများ
မီးခိုးတွေဝေတဲ့ မေတ္တာတရားကို
လက်ထဲမှာ ဖွဖွလေးကိုင်
ကျွန်တော့်ရဲ့ ပန်းတိုင်ဆိုတာ
နောက်ဆုံးပေါ် ကားတွေကြိတ်တာခံရပေါ့။
အမေ ဥပုသ်စောင့်ခဲ့တဲ့ နေ့တွေ
ကျွန်တော့် စိတ်မှာလည်း ပန်းတွေဝေတယ်
အမေ့မျက်နှာပြင်အေးအေး
ဟိုးကောင်းကင်ဆီက လမင်းဖွေးဖွေးလိုပဲ။
တစ်နေ့တခြား
ဖိနပ်ကလည်း ပါးပါးလာတယ် အမေ။
ဝါဆိုလ တစ်ရက်ဆီက
အမေ ၀ယ်ပေးခဲ့တဲ့ ဂျင်းဦးထုပ် အပြာလေး
အခု ကျွန်တော် ပြန်လိုချင်နေတယ်။
ဟော... မြို့အ၀င်က
လက်ပံပင်ကြီး
ကျွန်တော့်ကို ပြုံးပြီးနှုတ်ဆက်တယ်
မြက်ရိုင်း ရှည်ရှည်တွေကလည်း
လူမိုက် တစ်ယောက်ရဲ့နောင်တကို
ခ၀ါ ချနေသလိုလို။
လောဘ၊ မောဟတွေနဲ့
နဂါးငွေ့တန်းဆီချီနေတဲ့ လူမိုက်
ခုများတော့
အမေ ဆုံးမခဲ့သလို
ဘုရားရိုက်မှာ မကြောက်နိုင်တော့ဘူး။
အခု
အမေ့မြို့လေးက
ကျွန်တော့်ကို မေးနေပြီ
“နောက်တစ်ခါ ပြန်ထွက် သွားဦးမှာလားသား”တဲ့
ကျွန်တော် မဖြေနိုင်ဘူး
ကျွန်တော် မဖြေရက်ဘူး အမေ။
ဟိုး ညနေစောင်းဆီက
ထနောင်းပင် အိုအိုကြီးက
လေရိုင်းတွေကို ပွေ့ဖက်
ကျွန်တော့်ကို မကြည့်ရက်တော့သလိုလို။
အိမ်ပြန်နေကြတဲ့ တိမ်အုပ်တွေကလည်း
နီညိုညိုဆံပင်ရှည် လူမိုက်တစ်ယောက်ကို
စုတ်တသပ်သပ်နဲ့။
သနားကြပေါ့
အမေ့မြေမှာ ထာဝရ နေနိုင်ကြတဲ့
ထနောင်းပင်တွေ
တမာပင်တွေ
သူတို့တွေ...
ကျွန်တော့်ကို သနားကြပေါ့။
လက်ပံပွင့်တွေ တဖွဲဖွဲကြွေလို့
ဒီအချိန်၊ ခွေးရူးပေါ်ချိန်
ထိန်ကန်ကြီးကတော့
ကျွန်တော့်ကို စကား မပြောချင်တော့သလို
မျက်နှာလွှဲလို့။ ။
ရေးသူ = နေ့သစ် (Teen မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀) ရွှေအမြုတေ



