လွမ်းနေတဲ့ မနက်စာများ

| |

"သားငယ်ရေ... ထပါတော့... စားတော်ပဲသည်စောင့်ပေးပါဦး... မေမေ နောက်ဖေးမှာ ဟင်းချက်နေတော့ မကြားလိုက်ပဲလွတ်သွားမှာစိုးလို့ပါ..."
ကျွန်တော်က အဲသည်လို ၄-၅ ခါလောက်နှိုးမှထပါတယ်။ နောက်ဆုံး မရမကနှိုးတော့မှ “ဟုတ်ကဲ့... ” ဆိုပြီး မထချင်ထချင်နဲ့ ထလာပြီး စားတော်ပဲသည်အလာကိုစောင့်ပါတယ်။

အညာမှာတော့ မနက်စာစားတဲ့ ပဲပြုတ်ကို စားတော်ပဲပြုတ်လို့ပဲခေါ်တယ်။

ပဲပြုတ်သည် အော်သံကြားတော့မှ ပဲပြုတ်သည်ကိုခေါ် ပြီးတော့ နောက်ဖေးကိုလှမ်းအော်ပါတယ်...
“မေမေရေ ပဲပြုတ်သည်လာပြီ...”
အဲဒီတော့မှ မေမေက ပဲပြုတ်ထည့်ဖို့ ပန်းကန်တစ်ချပ်နဲ့ ပိုက်ဆံကိုယူလာပြီး ၀ိုင်းပေါက်ဝမှ ပဲပြုတ်တောင်းကိုချပြီး စောင့်နေတဲ့ အသည်ဆီကိုလာပါတယ်။
“တစ်ကျပ်ခွဲဖိုးထည့် အေ... ”
“ဟုတ်...”
“ညည်းထည့်ပေးတဲ့ ပဲပြုတ်ကလည်း နဲနဲလာပြီ...”
“ပဲတွေကဈေးကြီးလာတော့ မကိုက်တော့ဘူး....”
“အေးအေး... ဒါဆိုလည်း နှစ်ကျပ်ဖိုးထည့်လိုက်ပါ...”

မနက်စာကို ထမင်း နဲ့ ပဲပြုတ် ကို ဆီရွှဲရွှဲလေးဆမ်း ပြီးတော့ ငပိကြော်၊ ငါးခြောက်ကြော်၊ ငါးခြောက်ဖုတ်၊ နောက်ပြီး ရာသီကိုလိုက်ပြီး တခါတလေ ဆီးဖြူသီး ဆားရေစိမ်၊ သရက်သီးဆားရေစိမ်၊ အိမ်လုပ် သရက်သီးသနှပ် တစ်မျိုးမျိုးနဲ့ တွဲပြီးစားလေ့ရှိပါတယ်။ တခါတရံလည်း ကြက်သွန်အနီကို လှီးပြီး ထမင်းထဲထည့်စားပါသေးတယ်။  ထမင်းကြမ်း ကျန်တဲ့နေ့တွေမှာ စားတော်ပဲပြုတ်ကို ကြက်သွန်၊ ဆနွင်း နဲ့ ထမင်းကြော်ပြီး ငပိကြော်လေးနဲ့တွဲစားလိုက်ရတာ အင်မတန်မှ စားလို့မြိန်ပါတယ်။

နေ့တိုင်းတော့ ပဲပြုပ်သည်ဆီကနေ စားတော်ပဲပြုတ်ဝယ် စားသည်မဟုတ်၊ ပဲပြုတ်သည်ကလည်း ကောက်ညှင်းငချိတ်ပေါင်းပါတွဲရောင်းလို့ မနက်စာကို ငချိတ်ပေါင်းအိအိလေးနဲ့စားတော်ပဲကို ငါးရံ့ခြောက်ဖုတ်ကောင်းကောင်းလေးနဲ့တွဲစားရတဲ့ အရသာ တကယ်ကို မမေ့နိုင်စရာပဲ။

တချို့နေ့တွေမှာတော့...

"သားငယ်ရေ... မေမေကို မနက်စာ အကြော်ဝယ်ပေးပါဦး...”
“...”
“သားငယ်... မြန်မြန်ထတော့ကွာ.. ကျောင်းနောက်ကျလိမ့်မယ်... " အဲလို အသံလေးနဲနဲမာနဲ့ အတင်းနှိုးတော့မှ
“ဟုတ်..............”
ဆိုပြီးထခါ မျက်နှာသစ်၊ အကြော်ဝယ်ဖို့ ချိုင့်ကိုယူ၊ စက်ဘီးထုတ်...
“မေမေရေ.. ဘာအကြော်ဝယ်ခဲ့ရမလဲ....”
“ကြော်ပြီးစ ပူပူလေးဖြစ်တဲ့ အကြော်သာဝယ်ခဲ့... တစ်ယောက်ကို နှစ်ခု၊ နှစ်ကျပ်ဖိုးဝယ်ခဲ့... အပိုရမလားလို့မေးနော်...”
“ဟုတ်....”
ဆိုပြီး ဈေးနားက အကြော်ဆိုင်ကို စက်ဘီစီးပြီး သွားပါတယ်။

အိမ်မှာက များသောအားဖြင့် မိသားစုလေးယောက်ပဲရှိတတ်တော့ တစ်ယောက်ကို နှစ်ခုနှုန်း၊ အကြော်က တစ်ခုတမတ်၊ နှစ်ကျပ်ဖိုးဆို ရှစ်ခုရပါတယ်။ အဲဒါကတော့ ရှစ်ဆယ့်ရှစ်ခုနှစ်လောက်အထိပေါ့။ နောက်ပိုင်းတော့ အကြော်တွေလည်း ငါးမူး၊ တစ်ကျပ်၊ နှစ်ကျပ်၊ ငါးကျပ်...နဲ့ တဖြည်းဖြည်းဈေးတက်သွားတာ၊ အခုဆိုဘယ်လောက်တော်ဖြစ်နေပြီးလည်းမသိဘူးနော်။

အညာမှာ ဆောင်းတွင်းဆို အသည်းခိုက်အောင်အေးတာမို့ စောစောစီးစီး အိပ်ရာထ၊ အပြင်ထွက်ရတာ အင်မတန်ဝန်လေးပါတယ်။ ချမ်းချမ်းစီးစီး စက်ဘီးကိုဖြေးဖြေးပဲစီးပြီးသွားပါတယ်။

အကြော်သည်ကလည်း မနက်ဆို ဗယာကြော်၊ ကြက်သွန်ပေါင်းကြော်၊ ပဲကြော်တွေသာ အကြော်များပါတယ်။ ဗူးသီးကြော်ကတော့ ညနေမှ ပဲရတတ်တာများတော့၊ ဗယာကြော်၊ ကြက်သွန်ကြော် တစ်မျိုးမျိုးဝယ်ကာ ထမင်းပူပူဆီရွှဲရွှဲဆမ်း၊ ငပိကြော်လိုမျိုးနဲ့ တွဲဖက်စားပါတယ်။

ကျောင်းပိတ်ရက် အေးအေးဆေးဆေးဖြစ်တဲ့နေ့မျိုးများဆိုရင်တော့....
“သားငယ်ရေ.... မေမေ့ကို မုန့်များသလက်နဲ့ အကြော်ဝယ်ပေးပါ။ ဒီနေ့ မုန့်များသလက်နဲ့ အကြော်သုတ်စားမယ်။ သားတို့အိပ်နေတုန်း စားတော်ပဲကို ၀ယ်ထားပြီးပြီ...”
“ဟုတ်ကဲ့.. ဘယ်နှစ်ခုဝယ်ရမှာလဲ....”
“မုန့်ပျားသလက် ငါးခုနဲ့ အကြော် ရှစ်ခုဝယ်ခဲ့... အမေ့ ဈေးသွားတဲ့ ပိုက်ဆံအိတ်ထဲမှာ တစ်ဆယ်တန်ရှိတယ်.. ယူသွားလိုက်...”
“ဟုတ်....”

မုန့်ပျားသလက်ကို ကတ်ကြေး တို့ အကြော်တို့ကို ကတ်ကြေးနဲ့ကိုက်၊ စားတော်ပဲပြုတ်ထဲ့၊ ကြက်သွန်မိတ်၊ ငံပြာရည်၊ ဆီ ရွှဲရွှဲဆမ်းထားတဲ့ မုန့်ပျားသလက် အကြော်သုတ်ကိုတော့ တအိမ်လုံးကြိုက်လို့ များများလုပ်ပြီးစားလေ့ရှိတယ်။

တခါတလေမှ လာတတ်တဲ့ မုန့်ရေ (ရေမုန့်) သည် အသံများကြားလိုက်ရင်...
“သားရေ... အကြော်လေးပြေးဝယ်လိုက်ပါဦး... မေမေ မုန့်ရေ ၀ယ်ထားတယ်...”
အင်မတန်စားလို့ကောင်းတဲ့ မုန့်ရေသည် အဖွားကြီးက အိမ်နားကို တခါတရံမှသာလာတတ်ပါတယ်။

အိမ်နားကို အမြဲလာတတ်တဲ့ ဈေးသည်တစ်ယောက်ကတော့ ကတ္တီပါပဲပြုတ်ရောင်းတဲ့ဈေးသည်ပါပဲ။ ကျွန်တော်က ကတ္တီပါပဲပြုတ် ကို မကြိုက်လို့ ကတ္တီပါပဲပြုတ်ကို မနက်စာအဖြစ်ဝယ်တဲ့နေ့ဆို မျက်နှာမကောင်းတတ်ပါ။ အဲဒါကြောင့်လည်း မေမေက တော်တော်လေးကြာလို့မှ တခါပဲ ၀ယ်တတ်ပါတယ်။

ဆောင်းတွင်းတွေမှာ ခရမ်းသီးပေါလို့ ခဏခဏချက်စားဖြစ်ပါတယ်။ ပေါပေါများများချက်တော့လည်း ခရမ်းသီးချက်က ကျန်နေတတ်ပါတယ်။ တခါတလေတော့လည်း တမင်ကျန်အောင်ချက်ထားပြီး မနက်မှာ ခရမ်းသီးချက်ကို ထမင်းနဲ့ကြော် ဆီးဖြူသီးဆားရေစိမ်၊ ငပိကြော်လေးနဲ့ တွဲဖက်စားရတာလည်း အင်မတန်စားလို့ကောင်းတာပါပဲ။

မနက်စာတိုင်းမှာတော့ နွားနို့စစ်စစ် မလိုင်အပြည့်နဲ့ဖျော်ထားတဲ့ ကော်ဖီကတော့ မပါမဖြစ်။ ငယ်ငယ်ကတည်းက ကော်ဖီကို စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့တာ... အခုအချိန်အထိ ကော်ဖီဖြတ်မယ်လို့ (ပုံရိပ်လို) တခါမှ အတွေးထဲမရောက်မိပါဘူး။

အပြောင်းအလဲဖြစ်အောင် တခါတလေတော့ ပဲပြုတ်နံပြား၊ ဒါမှမဟုတ် နံပြားထောပတ်သုတ် နဲ့ ဆိုင်က လက်ဖက်ရည်ကျကျကို ၀ယ်ပြီး အိမ်မှာစားလေ့ရှိပါတယ်။

ငယ်ငယ်က ကျွန်တော်တို့မြို့လေးမှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ နန်းကြီးသုတ် တို့ကို မနက်စာအဖြစ်ရောင်းပေမယ့် စားလို့ကောင်းတဲ့ဆိုင်ရယ်လို့ မရှိပါဘူး။ နောက်ပြီး အညာမုန့်ဟင်းခါးဆိုတာ မုန့်ဟင်းခါးဖတ် နန်းလတ်လောက်ကို ကြက်သားနဲ့ချက်တဲ့ ကုလားပဲဟင်းတွဲစားတာပါ။ အဲဒီ မုန့်ဟင်းခါးကို တအိမ်လုံးက မကြိုက်တော့ မစားဖြစ်ပါဘူး။

အညာမှာ ကျောင်းပိတ်ရက်များတွေ မှာစားတဲ့ မနက်စာကတော့ အင်မတန် အချိန်ကြာပါတယ်။ မနက်စာစားပြီး မိသားစုစကားဝိုင်းဖြစ်သွားရင် လက်က ထမင်းလုံးတွေခြောက်တဲ့အထိ တမေ့တမော ဖြစ်သွားတတ်ပါတယ်။ တခါတလေ မေမေဈေးသွားတာနောက်ကျလို့ နေ့လည်စာကို ရှိတာလေးနဲ့ချက်တဲ့ ရောက်ယားဟင်း (ဖြစ်သလိုချက်) နဲ့ပဲ စားရတာတွေလည်း ရှိပါသေးတယ်....

ဒီကိုရောက်တော့ ရုံးဖွင့်တဲ့ရက်တွေဆို အိပ်ရာကထ ကမန်းကတန်းပြေးရတော့၊ အချိန်နဲနဲရရင် ဆိုင်မှာဝင် ဗလာကြာဇံကြော်ကို ကြက်ဥနဲ့စား၊ ကော်ဖီလေးသောက်ပေါ့... အချိန်မရရင်တော့ နေ့လည်စာနဲ့ပေါင်းစားပေတော့...

ရုံးပိတ်တဲ့ရက်ကျလည်း အိပ်ရာကမထ နေမြင့်အောင်အိပ်ပြီး နေ့လည်စာနဲ့ပေါင်းတဲ့ မနက်စာတွေလည်း များလှပါပြီ....

အဲလိုများတော့လည်း အညာက မနက်စာတွေကိုလွမ်းလာပါတယ်... လွမ်းလို့လည်းချရေးလိုက်တာပေါ့နော်....

မှတ်ချက် = ကိုပီတိ ဆိုတဲ့ ပုဂံညောင်ဦးသား အကိုတစ်ယောက် ရဲ့ အရေးသား ဖြစ်ပါတယ်.. 2007 တည်းက ကိုယ်ပိုင် ဆိုဒ်နဲ့ စာတွေ ကဗျာတွေ ရေးသားခဲ့ သူ .. ယခုထိလဲ ရေးသားနေဆဲဖြစ်ပါတယ်။ အညာမြေ အကြောင်း ပိုစ်များ နဲ့ ကဗျာများ အရမ်းကောင်းပါတယ်။  ကိုပီတိဆိုဒ်သို့

Posted by YEPHYO on 2:06 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "လွမ်းနေတဲ့ မနက်စာများ"

Leave a reply